စစ်တပ်က ဝင်ရောက်စီးနင်းထားလျက်ရှိသောတနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်၊အောက်ရေဖြူကျေးရွာအုပ်စုတွင် စစ်တပ်၏ပစ်ခတ်မှုကြောင့် အသက်မပြည့်သေးသည့်လူငယ်တစ်ဦးစက်တင်ဘာ၁၇ရက်နေ့ ညပိုင်းအချိန်တွင်သေဆုံးသွားခဲ့ရသည်။
အောက်ရေဖြူကျေးရွာအုပ်စုရှိကဒက်ငယ်ထိန်ကျေးရွာမှ မောင်ရင်မောင်သန့်ဟူသည့် ၁၅နှစ်အရွယ်ခန့် လူငယ်သည် ညနေ၆နာရီခန့်တွင် အကြမ်းဖက်စစ်တပ် တပ်စွဲထားရာနေရာသို့သွားရောက်မိခဲ့ရာ စစ်တပ်ကလှမ်းခေါ်ချိန်တွင် ကြောက်လန့်ပြီး ထွက်ပြေးခဲ့ရာတွင် အကြမ်းဖက်စစ်တပ်က သေနတ်ဖြင့် လှမ်းပစ်သတ်ခဲ့သဖြင့် သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။
“ ကလေးက စစ်တပ်တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းအောက်ကနေ ဖြတ်ပြီးတော့သွားတဲ့အခါမှာ ဟိုကောင်တွေကခေါ်တယ်၊ ခေါ်တဲ့အချိန်မှာ ကလေးကကြောက်ပြီးပြေးတာကို သူတို့ကပစ်ပြီးဖမ်းတာပေါ့။အားလုံးကပစ်လိုက်တာပဲသိလိုက်ကြတယ်။မနက်ကျမှ ကလေးသေနေတာကိုတွေ့တာပေါ့ ” ဟု လောင်းလုံဒေသခံတစ်ဉီးက ပြောသည်။
ကလေးငယ်သည် ကျေးရွာထဲတွင် ဒလန်ဟုနာမည်ကြီးနေသော ဦးစိုးအောင်၏သားဖြစ်သည်ဟု သိရပြီး လက်ရှိအချိန်ထိကလေး၏အလောင်းကို သဂြိုလ်ရခြင်းမရှိသေးကြောင်း သိရသည်။
စက်တင်ဘာ၁၇ရက် နံနက်ကိုးနာရီခန့်တွင် အောက်ရေဖြူကျေးရွာသို့ အချုပ်ကားအပါအဝင် စစ်ကား၅စီးဖြင့် ဝင်ရောက်ခဲ့ပြီး စာသင်ကျောင်းတွင်နားပြီး ကျေးရွာအုပ်စုအတွင်းသို့ တပ်ဖြန့်ခဲ့ကြသည်။
၎င်းတို့တပ်ဖြန့်ထားရာ ရွာအသီးသီးတွင်လည်း လူများကိုမေးမြန်းခြင်း၊ ဖမ်းဆီးခြင်းများပြုလုပ်ခဲ့ကြသည်။ စစ်ကြောင်းကိုမြင်၍ ကြောက်လန့်ပြီးထွက်ပြေးကြသော ရွာသားများကို ပစ်ခတ်ခဲ့ခြင်းများရှိပြီး ဒဏ်ရာရရှိသူများလည်းရှိသည်။
“သူတို့ကိုမြင်ပြီးပြေးတဲ့ရွာသားတွေကို ပစ်တာရှိတယ်။ အဲ့တာကအချက်ရာကျော်ရှိတယ်ဗျ။ အဲ့ဒီအချိန်မှာ၂ယောက်မိတယ်လို့သတင်းရတယ်။ တစ်ယောက်ကကျည်ထိပြီးဆေးရုံမှာလို့ကြားတယ်။ တယောက်ကတော့ပြန်ထုတ်လာပါပြီ ” ဟုအောက်ရေဖြူကျေးရွာဒေသခံက ဆိုသည်။
လက်ရှိအချိန်ထိ အောက်ရေဖြူကျေးရွာအုပ်စုတွင် အကြမ်းဖက်စစ်တပ်က တပ်စွဲလျက်ရှိနေပြီး စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိနေသည်။
အောက်ရေဖြူကျေးရွာအုပ်စုသည် ရွာပေါင်းရွာပေါင်း၈ရွာဖြင့် ဖွဲ့စည်းထားပြီး လူဉီးရေ၁၀၀၀၀ခန့်ရှိသော ရွာကြီးတစ်ရွာဖြစ်သည့်အပြင် နေ့စဉ်ရက်ဆက် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းများ ပြုလုပ်နေသောကျေးရွာဖြစ်ပါသည်။
#လောင်းလုံ#အကြမ်းဖက်စစ်တပ် #ပစ်ခတ် #၁၅နှစ်လူငယ် #သေဆုံး #MPA