Ko Paing / MPA
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်နှင့်နတ်တလင်းမြို့နယ်ရှိ အမျိုးသမီးအချို့မှာ စစ်မှုမထမ်းနိုင်သ ဖြင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြပြီဖြစ်ကြောင်း သိရသည်။
မေလအတွင်းမှ စတင်ကာ စစ်မှုထမ်းရန် အကျုံးဝင်သောအမျိုးသမီးများကို တတိယအသုတ် စစ်သားစုဆောင်းရာတွင် ထည့်သွင်းတော့မည်ဟု ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်ပေါ်လျက်ရှိ သည်။
“ကောလာဟလကတော့ ကြားနေရတယ်။အမျိုးသမီးတွေကိုပါ စစ်မှုထမ်းဖို့ ခေါ်မယ်ဆိုတဲ့သတင်းပေါ့။စာလည်းထွက်လာပြီလို့ ကြားတယ်။အတိအကျတော့ မသိရသေးဘူး။လူတွေတော့ လန့်နေကြပြီ” ဟု ပေါင်းတည်မြို့ပေါ်နေ ပြည်သူတစ်ဦးက MPAသို့ ပြောသည်။
ပေါင်းတည်မြို့နယ်အတွင်းရှိ Non CDM ကျန်းမာရေးဝန်ထမ်းများကို စစ်ကောင်စီက စစ်မှုထမ်းရန် မေလအတွင်းက စာရင်းကောက်ယူသဖြင့် ဝန်ထမ်းအချို့ အလုပ်မဆင်းတော့ဘဲ ရှောင်တိမ်းသွား ပြီဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောသည်။
“ မေလထဲကနေ စာရင်းက စကောက်တာ အမျိုးသား၊အမျိုးသမီး အကုန်ပါတယ်။နတ်တလင်းက အသက် ၃၀ အရွယ် ကျန်းမာရေးမှူးတောင်မှ စစ်မှုထမ်းဖို့ ရှမ်းပြည်အပို့ခံရလို့ ထွက်ပြေးပြီးတိမ်း ရှောင်နေတာ။အတော်များများလည်း ရှောင်တိမ်းကုန်ကြပြီ”ဟု ကျန်းမာရေးဝန်ထမ်းတစ်ဦး ကပြောသည်။
အုတ်ဖိုမြို့နယ်တွင်လည်း အမျိုးသမီး ခုနှစ်ဦးကို စစ်ကောင်စီတပ်က မေလ၁၃ရက်၌ ဖမ်းဆီးသွား ပြီးနောက် စစ်သင်တန်းပို့လိုက်ကြောင်း သတင်းထွက်ပေါ်လျက်ရှိကာ ယနေ့ (ဇွန်ငါးရက်)အထိပြန် မလွတ်သေးကြောင်းသိရသည်။
“အမျိုးသမီးတွေကို စစ်မှုထမ်းခေါ်ဖို့ စာရင်းထုတ်ထားတာတော့ ကြားတယ်။ခုထိတော့ မခေါ်သေးဘူး” ဟု ရွှေတန်းမြေ PDFတာဝန်ခံကပြောသည်။
အိမ်ထောင်မရှိသည့် အသက်၁၈နှစ်မှ ၂၇နှစ်အတွင်း အမျိုးသမီးများ စစ်မှုထမ်းရမည်ဟု အဓမ္မစစ်မှု ထမ်းဥပဒေ၌ ဖော်ပြထားသည်။