By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် မအူစစ်ဆေးရေးဂိတ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး ၁၃ဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။
ဇွန်လ လေးရက်၊ ည ကိုးနာရီ ဝန်းကျင်က မအူစစ်ဆေးရေးဂိတ်မှ လက်နက်ကြီး ခုနှစ်လုံးဝန်းကျင် ပစ်ခတ်ခဲ့ရာ ထန်းနောင်းတောရွာမှ အသက် ၄၀ဝန်းကျင် အမျိုးသမီးတစ်ဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရကာ လင်းပုန်းနှင့် လင်းပင်ဝရွာမှ ပြည်သူ ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦးလမ်းဘေးနေ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
“ ရွာထဲက နေအိမ်တွေပေါ်ကျတာပေါ့။ ထိတဲ့အထဲမှာ ကလေးလေး တယောက်ပါတယ်။ အခြေအနေစိုးရိမ်ရလား၊ မစိုးရိမ်ရလားမသိရသေးဘူး။ လင်းပုန်း၊ လင်းပင်ဝက ထိတဲ့အထဲက သုံးယောက်လောက်က စိုးရိမ်ရတယ်” ဟု ၎င်းကပြောသည်။
မအူဂိတ်သို့ မုံရွာမြို့တွင်းမှ အိမ်စီးကား လေးစီးဖြင့်ရောက်လာပြီး ထိုဂိတ်မှ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ပြီးနောက် မြို့ထဲသို့ ပြန်ဝင်သွားကြောင်းသိရသည်။
ယင်းစစ်ဆေးရေးဂိတ်သည် ဘေးပတ်ပတ်လည်ရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် အမြဲမြဲလိုလိုပစ်ခတ်လေ့ရှိသည်။