By Bala / MPA
ထားဝယ်မြို့အဝင်၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိအခြေခံပညာမူလတန်းကျောင်းတွင် ပေါက်ကွဲမှုဖြစ်ပွား ခဲ့ရာ ကလေးငယ် သုံးဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူလည်း များပြားကြောင်း သိရသည်။
ယနေ့ မွန်းလွဲ ၁၂နာရီခွဲခန့်တွင် အိမ်ရှေ့ပြင်ရပ်ကွက်ရှိအခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၁၀ဦးထက်မနည်း စိုးရိမ်ရဒဏ်ရာရရှိကြောင်း အိမ်ရှေ့ပြင်ရပ် ကွက်သားတစ်ဦးက ပြောသည်။
“ မုန့်စားကျောင်းဆင်းချိန်ဖြစ်တာပါ။ဗုံးလား၊မိုင်းလားတော့ သေချာမသိရသေးဘူး။ကလေး သုံးဦးသေတယ်။စိုးရိမ်ရ ဒဏ်ရာက ၁၀ဦးကျော်ရတယ်။မစိုးရိမ်ဒဏ်ရာရသူတွေလည်း ရှိတယ်” ဟု ၎င်းက MPAသို့ ပြောသည်။
ယင်းပေါက်ကွဲမှုကြောင့် သေဆုံး၊ ဒဏ်ရာရ စာရင်းအတိအကျကိုမူ အတည်မပြုနိုင်သေးကြောင်း ဒေသခံ လူမှုကူညီရေးသမားတစ်ဦးက ပြောသည်။
“ အိမ်ရှေ့ပြင်ကျောင်းက ထားဝယ်မြို့အဝင်မှာရှိတာပေါ့။အဲ့ကျောင်းပတ်ဝန်းကျင်မှာက စစ်တပ်စခန်းတွေနဲ့ စစ်ဆေးရေးဂိတ်တွေရှိတယ်။ စစ်သားတွေ ကျောင်းထဲဝင်စစ်တယ်။ လူနာတင်ကားနဲ့ အရေးပေါ်ကားတွေ တော်တော်များတယ်။ပေါက်ကွဲအားကလည်း ကြားရတာ တော်တော်ပြင်းတော့ ကလေးတွေ တော်တော်ထိသွားပုံရတယ်” ဟု ၎င်းက ပြောသည်။
ပေါက်ကွဲမှုကြောင့် သေဆုံးနှင့်ဒဏ်ရာရ ကလေးများကို ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ကုသနေကြောင်း သိရသည်။