ယခုနှစ်ကျောင်းပြန်တက်ချိန်တွင် ရန်ပုံငွေချို့တဲ့မှုကြောင့် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ မြန်မာရွှေ့ပြောင်းကလေးငယ် အများအပြားသည် ထိုင်းကလေးများနည်းတူ အလားတူပညာရေးကို သင်ယူခွင့် မရရှိကြကြောင်း UK အခြေစိုက် Save the Children အဖွဲ့က ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံသည် ပဋိပက္ခနှင့် ဆင်းရဲမွဲတေမှုများမှ ထွက်ပြေးလာသော အိမ်နီးချင်းနိုင်ငံများ၏ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများကို လက်ခံပေးသည့် သမိုင်းကြောင်းရှိခဲ့ပြီး အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူဖြစ်စေ နိုင်ငံမဲ့ဖြစ်စေ ၁၅ နှစ်ကြာ အခမဲ့ ပညာသင်ကြားခွင့်ပေးသည့် ပညာရေးမူဝါဒ ကိုလည်း လက်ခံကျင့်သုံးနေကြောင်းသို့သော်၊ သက်သေခံစာရွက်စာတမ်းမရှိခြင်းနှင့် ထိုင်းဘာသာစကား ကျွမ်းကျင်မှုမရှိခြင်းများက ထိုင်းကျောင်းသို့ ဝင်ရောက်ခွင့်အပြင် အဆင့်မြင့်ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် အတားအဆီး ဖြစ်နေကြောင်း ဆိုသည်။
အလှူရှင်များက အခြားကမ္ဘာ့အကျပ်အတည်းများကို အာရုံစိုက်နေသောကြောင့် လူပေါင်း ၉၀,၀၀၀ ခန့်နေထိုင်သော ထိုင်း-မြန်မာနယ်စပ် ယာယီစခန်း ကိုးခုရှိ စာသင်ကျောင်းများတွင် ဆရာ၊ ဆရာမများကို လစာမပေးနိုင်ခြင်း၊ ကျောင်းသုံးစာအုပ်အသစ်များ မဝယ်ယူခြင်းအပြင် ကျောင်းအဆောက်အအုံ မပြင်ဆင်နိုင်ခြင်းများနှင့် ကြုံတွေ့နေရကြောင်းလည်း ဆိုသည်။
“ကလေးတိုင်းမှာ သူတို့ရဲ့ နောက်ခံနဲ့ တရားဝင်တာ၊ မဝင်တာ ခွဲခြားမနေဘဲ ပညာသင်ကြားခွင့် ရှိပါတယ်။ ထိုင်းပညာရေးဝန်ကြီးဌာနက ကလေးတိုင်းအတွက် ပညာရေးပံ့ပိုးပေးတယ်ဆိုပေမယ့် ရွှေ့ပြောင်းကလေးအတော်များများကတော့ အဲဒီမူဝါဒရဲ့ အကျိုးမခံစားရသေးပါဘူး။ ကလေး တွေ ကျောင်းတက်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ စာရွက်စာတမ်းမရှိတာကြောင့် စိန်ခေါ်မှုတွေကို ကလေးတွေ ရင်မဆိုင်သင့်ဘူး” ဟု Save the Children (Thailand) Foundation မှ အမှုဆောင်ဒါရိုက်တာ Guillaume Rachou က ပြောသည်။
မယ်လဒုက္ခသည်စခန်းတွင် မွေးဖွားကြီးပြင်းလာသူ Jornay က မယ်လစခန်း၌ ပညာသင်ကြားခွင့် ရခဲ့သော်လည်း ယင်းပညာရေးအပေါ် အသိအမှတ်မပြုသဖြင့် ဘွဲ့ရပြီးလျှင် အလုပ်အကိုင်မရကြ ကြောင်း ဆိုသည်။
“စခန်းမှာရှိတဲ့ မိဘတွေက သားသမီးတွေကို ပညာဆက်လက်သင်ကြားဖို့ တွန်းအားပေးကြပေမယ့် အတားအဆီးတွေက ကြီးမားပါတယ်။ ကျွန်တော်တို့နဲ့ ထိုင်း နိုင်ငံသားတွေကြားမှာ အတားအဆီး တစ်ခုခု ရှိနေတယ်” ဟု မယ်လဒုက္ခသည်စခန်းတွင် နေထိုင်နေသည့် David က ပြောသည်။
Save the Children သည် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများရှိ စာသင်ကျောင်းပေါင်း ၄၆ ကျောင်းတွင် ကျောင်းတက်နေသော အသက် ငါးနှစ်မှ ၁၈ နှစ်ကြား ကလေး ၂၀,၀၀၀ ကျော်၏ အခြေခံပညာရေးကို ပံ့ပိုးပေးနေသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။