Ra Wai / MPA
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မန်လည်ရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းကို PDFတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ခုနှစ်ဦးသေဆုံးကြောင်းသိရသည်။
ဇွန်လ သုံးရက်၊ နံနက် ခုနှစ်နာရီခန့်၌ နွားထိုးကြီးမြို့နယ်၊ ဇရပ်ကြီးကျေးရွာ၌ အထိုင်ချတပ်စွဲထားသော စစ်သားများသည် အင်အား ၄၀ ဝန်းကျင်ဖြင့် နဘဲသာကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး မန်လည်ရွာဘက်သို့ ထပ်မံထွက်လာစဉ် ဒေသခံ PDF တပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ သုံးနာရီခန့် ဖြစ်ပွားခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ရှစ်တပ်ရင်း – NRDF က သတင်းထုတ်ပြန်သည်။
“ ဇရပ်ကြီးကနေ နံနက်အစောပိုင်းလောက် နဘဲသာဘက်ကို ထွက်လာတာပေါ့။ အဲ့မှာ ကျတော် တို့က မန်လည်ဘက်ကနေ စစ်ကြောင်းကို စောင့်ပြီး ဖော်ဆောင်တဲ့ တိုက်ပွဲပုံစံဖြစ်သွားတာပေါ့။ တိုက်ပွဲကတော့ ရွာနှစ်ရွာကြားမှာ ဖြစ်တာ” ဟု NRDFတာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။
ယင်းတိုက်ခိုက်မှုတွင် စစ်သား လေးဦးမျက်မြင်သေဆုံးပြီး နောက်ထပ်သုံးဦး သေဆုံးမှုကို ဒေသခံ များ ၏ ပြောပြချက်အရ အတည်ပြုနိုင်ခဲ့ကြောင်း ၎င်းကပြောသည်။
“ မျက်မြင်က လေးကောင်ဗျ။ ကျန်တဲ့ အသေစာရင်းကကျ ချောင်းဆုံကနေ တက်လာတဲ့ ဆိုင်ကယ်တွေ တားပြီးတော့ ထိတဲ့သူတွေ၊ သေတဲ့သူတွေကို ပြန်ထုတ်လို့ သိရတာ” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ရှစ်တပ်ရင်း – NRDF၊ မြင်းခြံခရိုင် အမှတ်တစ် တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်နှစ် တပ်ရင်း၊ မြင်းခြံခရိုင် အမှတ်သုံး တပ်ရင်း၊ မြင်းခြံခရိုင် ပကဖ၊ တောင်သာမြို့နယ် ပကဖနှင့် မလှိုင်မြို့နယ် ပကဖတို့ ပူးပေါင်းဆင်နွှဲခဲ့ပြီး PDFရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားများ ထိခိုက်၊ သေဆုံးမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။


