By Hlaing / MPA
ကချင်ပြည်၊ ပူတာအိုမြို့တွင် ကျောင်းသုံး ဗလာစာအုပ် တစ်ဒါဇင် ကျပ် ၄၅၀၀၀အထိ စျေးတက်နေကြောင်း ပူတာအိုဒေသခံများထံမှ စုံစမ်း သိရှိရသည်။
ဆွမ်ပရာဘွမ်မြို့၌ ၂၀၂၄ ခုနှစ်၊ မတ် ၉ ရက်မှ စတင်ကာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ရာမှစ၍ လက်ရှိအချိန်ထိ မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းကို နှစ်ဘက်တပ်များက ပိတ်ထားခြင်း ဖြစ်သည်။
ထိုကဲ့သို့ လမ်းများကို အချိန်ကြာမြင့်စွာ ပိတ်ထားသည့်အတွက် ပူတာအိုမြို့နယ်တွင် စက်သုံးဆီ၊ ဆေးဝါး၊ ဆန်နှင့် အထွေထွေလူသုံးကုန်ပစ္စည်းများ ပြတ်တောက်လျက်ရှိပြီး ကုန်စျေးနှုန်းမှာလည်း အဆမတန်မြင့်တက်လျက်ရှိနေသည်။
အဆိုပါ မြစ်ကြီးနား – ပူတာအိုလမ်းပိုင်း ပိတ်ထားသဖြင့် ၂၀၂၄ – ၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် ရောင်းချရန် ကျောင်းသုံး ဗလာစာအုပ်များ ရောက်ရှိလာခြင်း မရှိ၍ ၂၀၂၃ခုနှစ်က ကျန်ရှိသည့် လက်ကျန်စာအုပ်များကို စျေးတင်ရောင်းချနေကြခြင်း ဖြစ်သည်။
“ အရင်က စာအုပ် တစ်ဒါဇင်ကို ၁၀၀၀၀ ကျော် ဝန်းကျင်လောက်ပဲရှိတယ်။ကျောင်းတွေဖွင့်ခါနီးတော့ ၂၅၀၀၀ နဲ့ ၃၀၀၀၀ ဖြစ်သွားတာ၊ ဟိုဘက်နေ့ကတော့ (ဇွန် ၂ ရက်) ၄၅၀၀၀ ထိဖြစ်သွားတယ်။ ပစ္စည်းတွေက ရှိနေသေးပေမဲ့ လမ်းပိတ်တာကို အကြောင်းပြပြီး စျေးတက်ကုန်တာ၊ ဆန် ရှစ်ပြည်ကို ၁၅၀၀၀၀ထိ ပေးနေရတယ်။ ပိုက်ဆံမရှိတဲ့ မိဘတွေကတော့ အဲ့ဒီ့လောက်ကြီးထိကျ မတတ်နိုင်ကြတော့ဘူးလေ၊ ပူတာအိုမြို့ အခြေအနေက ရှိတဲ့ကုန်ပစ္စည်းတွေရဲ့စျေးက မိုးထိတော့မယ်” ဟု ပူတာအိုမြို့ခံ အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
ထို့ပြင် ပူတာအိုမြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းနှင့် ဆေးဝါးများပြတ်လပ်မှု၊ အဆမတန်စျေးကြီးပေးဝယ်နေရမှုများ ဖြစ်ပေါ်နေကာ၊ ဓာတ်ဆီနှင့် ဒီဇယ်ဆီ ရှားပါးလာမှုကြောင့် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများမှာလည်း ပြတ်တောက်၍ ဆက်သွယ်ရေးခက်ခဲနေကြောင်း သိရသည်။
“ လျှပ်စစ်မီးကလည်း ပုံမှန်မရဘူး။ မီးပျက်လိုက်ရင် အနည်းဆုံး သုံးရက်နဲ့ တစ်ပတ်လောက်ထိကို ပျက်တယ်။ မချမ်းဘောမြို့မှာလည်း မီးမမှန်ဘူး။ အခုက မိုးရာသီဆိုတော့ ဆိုလာတွေလည်း အဆင်မပြေဘူး။ လမ်းတွေပိတ်ထားတာကလည်း သုံးလပြည့်တော့မယ်၊ ဒီပုံစံအတိုင်းဆို ဘယ်သူမှ အဆင်ပြေမှာမဟုတ်တော့ဘူး” ဟု ပူတာအိုမြို့တွင် နေထိုင်သည့် အသက် ၃၀အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
ထိုကဲ့သို့ ပူတာအိုမြို့တွင် အခက်အခဲများဖြစ်ပေါ်နေခြင်းကြောင့် ငွေကြေးတတ်နိုင်သူအချို့သည် လေကြောင်းမှတစ်ဆင့် မန္တလေး၊ ရန်ကုန်နှင့် မြစ်ကြီးနားမြို့များသို့ တိမ်းရှောင်လျက်ရှိသည်။
“ လေယာဥ်ခက ပူတာအိုကနေ မန္တလေးအထိ တစ်ယောက်ကို လေးသိန်းကျော်တယ်။ လေယာဥ်နဲ့ ပစ္စည်းပို့မယ်ဆိုရင် တစ်ကီလိုကို ရန်ကုန်ကနေ ပူတာအိုအထိ ၁၅၀၀၀ ပေးနေရတယ်” ဟု ပူတာအိုမြို့နယ်၊ ကောင်ကထောင်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိအချိန်၌ ပူတာအိုမြို့နယ်တွင်သာမက မချမ်းဘော၊ နောင်မွန်း၊ ခေါင်လန်ဖူးနှင့် ပန်နန်းဒင်မြို့နယ်တို့တွင်လည်း စားသောက်ကုန်ပစ္စည်းများ ပြတ်တောက်နေပြီး ဓာတ်ဆီတစ်လီတာလျှင် တစ်သိန်းကျော်အထိ ဝယ်ယူနေရကြောင်း မချမ်းဘောမြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ ပူတာအိုက မြို့ကြီးတော့ မြို့မစျေးထဲမှာ ပစ္စည်းကျန်ဦးမယ်ထင်တယ်။ မချမ်းဘောမြို့ဘက်မှာဆို ဘာပစ္စည်းမှ ဝယ်လို့မရတော့ဘူး” ဟု ၎င်းက ဆိုသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်း၌ ကျပ်ငွေစျေးသည် သုံးဆခန့်ကျဆင်းခဲ့ပြီးနောက် ယင်းနောက်ဆက်တွဲအဖြစ် ကုန်စျေးနှုန်းမှာ အဆမတန်မြင့်တက်နေခြင်းကြောင့် ပြည်သူများသည် ဝင်ငွေထွက်ငွေ မျှတခြင်းမရှိဘဲ အခက်အခဲမျိုးစုံ ကြုံတွေ့ရလျက်ရှိသည်။