By Garcia Ni / MPA
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် ညအချိန် ဓားပြတိုက်မှုနှင့် ခိုးယူမှုများ ခပ်စိပ်စိပ်ဖြစ်လာကြောင်း ဒေသခံများထံက စုံစမ်း သိရှိရသည်။
မုံရွာမြို့အတွင်း ယခင်ကလည်း ရွှေဆိုင်များ၊ ကုန်စုံဆိုင်ကြီးများကို ဓားပြတိုက်မှုနှင့် ခိုးမှုများ မကြာခဏဖြစ်ပွားခဲ့သော်လည်း ယခုလပိုင်းတွင် ပိုမို၍ ခပ်စိပ်စိပ်ကျူးလွန်လာခြင်းဖြစ်ကြောင်း မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ဆိုသည်။
” တစ်နေ့ည(မေ၁ရက်)ကတင် ကျမတို့ရပ်ကွက်ထဲ နှစ်အိမ်အတိုက်ခံလိုက်ရတယ်။ နန္ဒဝန်စျေးမြောက်ဘက်နားကအိမ်တွေ အတိုက်ခံရတာ၊ ဖုန်းတွေနဲ့ ပိုက်ဆံကသိန်း(၆၀)လောက်ပါသွားတယ်တဲ့၊ တစ်အိမ်ကတော့ ပိုက်ဆံအပြင်ဆိုင်ကယ် နှစ်စီးလည်း ပါသွားတယ်ပြောတယ်။ အခုက ညကိုကောင်းကောင်းမအိပ်ရဲအောင်ဖြစ်နေပြီ” ဟု ၎င်းက MPAကိုပြောသည်။
ဓားပြတိုက်သူများမှာ ဓားများကိုကိုင်ဆောင်ထားကြပြီး ခြံစည်းရိုးမလုံခြုံသည့်အိမ်များ၊ ဝင်ရလွယ်ကူသည့်အိမ်များကို ပစ်မှတ်ထားကာ အုပ်စုဖွဲ့ဝင်ရောက်တိုက်ခြင်းဖြစ်သည်ဟု ၎င်းကဆက်လက်ပြောသည်။
ဓားပြတိုက်ခံရသူများအနေဖြင့် နောက်ထပ်အသက်ကို အန္တရာယ်ပြုမည်စိုးသောကြောင့် စစ်ကောင်စီလက်အောက်ခံ ရဲစခန်းများသို့ တိုင်တန်းခြင်းမပြုရဲကြသူများရှိသကဲ့သို့ တိုင်တန်းသော်လည်း ဖမ်းဆီးနိုင်ခြင်းမရှိခြင်းကြောင့် ဓားပြများအနေဖြင့် ယခုလိုဆိုးသွမ်းနေခြင်းဖြစ်သည်ဟု နန္ဒဝန်ရပ်ကွက်နေ အမျိုးသားတစ်ဦးက သုံးသပ်သည်။
” နန္ဒဝန်ရပ်ကွက်အရှေ့မှာ ရဲတိုင်းရုံးရှိတယ်။ အနောက်ဘက်စက်မှုဇုံထဲမှာက အမှတ်(၂)ရဲစခန်းရှိတယ်။ အဲ့ဒီကြားထဲက ရပ်ကွက်ကိုတိုက်တာကွာ၊ သူတို့(စကစ)လူတွေ၊ ပျူစောထီးတွေပဲဖြစ်မှာပေါ့၊ အဲ့ဒါကြောင့်မဖမ်းတာပေါ့။ ငါတို့တော့ PDF တွေဝင်ဖမ်းမှာကိုဘဲ မျှော်တော့တယ်” ဟု ၎င်းက MPAကိုပြောသည်။
မေလအတွင်းကလည်း နန္ဒဝန်ရပ်ကွက်အတွင်းမှာပင် အိမ်များကိုဖောက်ဝင်၍ ဆန်အိတ်များခိုးယူသယ်ဆောင်ခြင်း၊ ဓားပြတိုက်ခြင်းများရှိခဲ့သေးကြောင်း နန္ဒဝန်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ဆက်လက်ပြောသည်။
ထို့ပြင် စစ်ကောင်စီအနေဖြင့် မုံရွာမြို့ပေါ်တွင် အိမ်စီးကားများဖြင့်လှည့်လည်၍ လမ်းသွားလမ်းလာများအား စစ်ဆေးဖမ်းဆီးခြင်း၊ ညအချိန်ပေါ်တာဆွဲခြင်းများကိုလည်း ခပ်စိပ်စိပ်ပြုလုပ်လာကြောင်း သိရသည်။
“ ညဘက်ဆိုလည်း ကောင်းကောင်းမအိပ်ရဲဘူး။ ပေါ်တာဆွဲမှာကြောက်နေရတာ၊ ယောင်္ကျားလေးတွေကတော့ ပိုကြောက်ရတာပေါ့၊ ညဘက်တွေပေါ်တာအဆွဲခံရတယ်ဆို ဆွဲသွားပြီဆိုတာသိရသေးတယ်။ နေ့ခင်းဘက် လမ်းပေါ်မှာအဆွဲခံရရင် ဘာသတင်းမှမကြားရဘူး” ဟု မုံရွာမြို့နေ လူငယ်အမျိုးသမီးတစ်ဦးက MPAကိုပြောသည်။
စစ်ကောင်စီ၏ ပေါ်တာဆွဲခြင်း၊ သူခိုးဓာပြများ၏ ခိုးဆိုးလုယက်မှု ခပ်စိပ်စိပ်ပြုလုပ်လာခြင်းများကြောင့် မုံရွာမြို့ပေါ်ရှိ ဒေသခံများအနေဖြင့် မြို့ပေါ်တွင်မနေရဲကြတော့ဘဲ နယ်ဘက်ကျေးရွာများသို့ ရွှေ့ပြောင်းနေထိုင်သူများလည်း များပြားလာကြောင်း ဒေသခံများထံကစုံစမ်းသိရှိရသည်။