ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ မြန်မာအပါအဝင် လိင်လုပ်သားများသည် ပြည့်တန်ဆာမှုဖြင့် တရားစွဲခံရမည်ကို ကြောက်သောကြောင့် ရိုက်နှက်စော်ကားခံရသည့်အပေါ် ရဲမတိုင်ရဲကြကြောင်း Bangkok Post သတင်း၌ ဖော်ပြသည်။
ထိုင်းနိုင်ငံ၏ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေအရ ပြည့်တန်ဆာအလုပ်ဖြင့် ၀င်ငွေရှာနေသည့် အသက် ၁၆ နှစ်အထက် မည်သူမဆို ထောင်ဒဏ် ခုနှစ်နှစ်မှ နှစ် ၂၀ အထိနှင့် ဒဏ်ငွေ ဘတ် ၁၄၀၀၀ မှ ဘတ် ၄၀၀၀၀ အထိ ချမှတ်ခံရမည်ဖြစ်ပြီး အခြားသူများကို ပြည့်တန်ဆာလုပ်ကိုင်ရန် အတင်းအကျပ် ခိုင်းစေသူများသည်လည်း ထောင်ဒဏ် တစ်သက် ချမှတ်ခံရနိုင်သည်။
“လုပ်ဖော်ကိုင်ဘက် တော်တော်များများက အလုပ်လုပ်ရင်းနဲ့ ဖောက်သည်တွေရဲ့ စော်ကားတာကို ခံခဲ့ရတယ်” ဟု ဘန်ကောက်တွင် လုပ်ကိုင်နေသည့် လိင်လုပ်သား Tanapat က ပြောသည်။
သို့သော် အဖမ်းခံရမှာ ကြောက်သောကြောင့် ၎င်း၏ အပေါင်းအဖော် တစ်ဦးတစ်ယောက်မျှ စော်ကားခံရမှုကို ရဲတပ်ဖွဲ့သို့ မတိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။
ထိုင်းအလုပ်သမားအကာအကွယ်ပေးရေးဥပဒေသည် အလုပ်ခွင်တွင် ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများမှ အလုပ်သမားများကို အကာအကွယ်ပေးထားသော်လည်း ထိုင်းနိုင်ငံတွင် လိင်လုပ်သားများ စော်ကားခံရပါက ဥပဒေအရ အကာအကွယ်ပေးထားခြင်း မရှိဟု သိရသည်။
လိင်လုပ်သားများသည် လုပ်ငန်းခွင်အတွင်း စော်ကားခံရနိုင်ခြေရှိပြီး အေဂျင်စီတစ်ခုအောက်တွင် အလုပ်လုပ်ပါက ခေါင်းပုံဖြတ်ခံရနိုင်ကြောင်း ကျောင်းတက်ရင်း လိင်လုပ်သားလုပ်ကိုင်နေသူ အော်စကာ က ပြောသည်။
“ကျွန်တော်လုပ်ဖူးတဲ့ အေဂျင်စီတစ်ခုက ကျွန်တော့ဆီကနေ ဘတ် ၇၅,၀၀၀ ယူထားတယ်။ ပြည့်တန်ဆာမှုနဲ့ ဖမ်းဆီးခံရမှာ စိုးရိမ်လို့ ရဲကို မတိုင်ရဲဘူး” ဟု ၎င်းက ပြောသည်။
LGBT နှင့် လိင်ပြောင်းထားသူများသည် ၎င်းတို့၏ အသိုင်းအဝိုင်းမှ မကြာခဏ ဖယ်ထုတ်ခံရပြီး အကြမ်းဖက်မှုနှင့် ခွဲခြားဆက်ဆံမှုကို ဆိုးဆိုးဝါးဝါးရင်ဆိုင်နေရကြောင်း ထိုင်းနိုင်ငံအတွင်း လိင်လုပ်သားအရေး ဆောင်ရွက်ပေးနေသူ Swing (Service Workers IN Group) ၏ အမှုဆောင်အရာရှိချုပ် မစ္စ Surang Janyam က ပြောသည်။
၂၀၀၈ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ လိင်လုပ်သား နှစ်သိန်းခွဲ ရှိကြောင်း အစိုးရက ခန့်မှန်းခဲ့သော်လည်း အမှန်တကယ် အရေအတွက်မှာ နှစ်သန်းကျော်ရှိနေပြီး ယင်းအရေအတွက်ထဲတွင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့မှ သောင်းနှင့်ချီသော ရွှေ့ပြောင်းနေထိုင်သူများလည်း ပါဝင်ကြောင်း မစ္စ Surang က ဆိုသည်။
Ref; Bangkok Post