By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အနောက်ခြမ်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ယနေ့ (ဇွန်သုံးရက်) နံနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၁၁ နာရီဝန်းကျင်က ဒီပဲယင်းမြို့နယ် အနောက်ခြမ်း၊ ခြုံရွာနှင့် ဘုတ်ထမ်းရွာ တစ်ဝိုက်ကို ဂျက်ဖိုက်တာ နှစ်စင်းဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုကို အတည်မပြုနိုင်သေးကြောင်း ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေးအဖွဲ့ထံက သိရသည်။
” လေကြောင်းပစ်သွားတယ်လို့ပဲ ကြားရတာ။ ဗုံးကြဲတာလား။ ဘယ်လိုမှန်းကိုမသိရသေးဘူး။ လက်နက်ကိုင်သတင်းကြောင့် ပစ်တာလား ဘာလားလည်း မသိသေးဘူး” ဟု ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက MPA သို့ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုရှိသော်လည်း အရေအတွက်ကိုမသိရသေးသည့်အပြင် မည်သူမည်ဝါဖြစ်ကြောင်းလည်း မသိရှိသေးကြောင်း ၎င်းကပြောသည်။
” ပြည်သူလား၊ ရဲဘော်လား မသိရသေးဘူး။ သတင်းတွေကတော့ အမျိုးမျိုးကြားနေရတာပဲ” ဟု ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေကြသဖြင့် အခြေအနေကို သေချာမသိရှိရသေးခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီမှ ဧပြီလအတွင်း စစ်ကိုင်းတိုင်း၌ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၁၉ကြိမ်ပြုလုပ်ခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ အစီရင်ခံစာ ၌ ဖော်ပြထားသည်။