By Garcia Ni / MPA
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီအနေဖြင့် မြို့တစ်ဝက်ကိုသာ ထိန်းချုပ်ထားနိုင်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
စစ်ကောင်စီအနေဖြင့် ပြီးခဲ့သည့်သုံးလအတွင်း ကလေးမြို့အရှေ့ပိုင်းတွင်သာ ထိန်းချုပ်ကင်းလှည့်နိုင်ပြီး ဘူတာလမ်းခွဲမှစ၍ အနောက်ပိုင်းသို့ ထိန်းချုပ်ကင်းလှည့်နိုင်ခြင်းမရှိတော့ကြောင်း၊ တာဟန်းရပ်ကွက်နေအမျိုးသားတစ်ဦးက ဆိုသည်။
“ အမြဲတမ်းလည်း အတိုက်ခံနေရတော့ အနောက်ပိုင်းကိုတော့ ဒီကောင်(စကစ)တွေ မထိန်းချုပ်နိုင်တော့ဘူး။ ပြောရရင် မြို့အရှေ့ပိုင်းတစ်ဝက်လောက်ပဲ ထိန်းချုပ်နိုင်တော့တာပါ၊ အဲ့ဒီဘက်မှာဘဲ ကင်းလှည့်တာတွေ စစ်ဆေးတာတွေလုပ်နိုင်တော့တာ” ဟု ၎င်းက MPAကိုပြောသည်။
ကလေးမြို့အရှေ့ပိုင်းတွင်မူ စစ်ကောင်စီသည် ဂိတ်ထိုင်ခြင်း၊ လမ်းသွားလမ်းလာများအား စစ်ဆေးခြင်းနှင့် ကားသမားများအား ငွေညှစ်ခြင်းများကို ပြုလုပ်လျက်ရှိကြောင်းသိရသည်။
“ အခုတလောတော့ သူတို့(စကစ)ကားတွေနောက် ပိုက်ဆံလိုက်တောင်းနေတာပဲ မြင်ရတာဘဲ၊ မနေ့ကလည်း ရဲကားတစ်စီး မြို့အဝင်နားက ဗိုလ်ချုပ်ပန်းခြံရှေ့မှာ ကုန်ကားတွေအကုန်တားပြီး ပိုက်ဆံတောင်းနေတာတွေ့ခဲ့တယ်” ဟု ကလေးမြို့အရှေ့ပိုင်း၊ အောင်မင်္ဂလာရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။
ကလေးမြို့အနောက်ပိုင်းရပ်ကွက်များရှိ ဒေသခံပြည်သူများအနေဖြင့် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းကဖြစ်ပွားခဲ့သော တိုက်ပွဲအခြေအနေများကြောင့် ဘေးလွတ်ရာသို့ အများအပြားရှောင်တိမ်းခဲ့ရပြီး ဒေသခံသုံးပုံတစ်ပုံခန့်သာ ကျန်ရှိတော့ကြောင်းသိရသည်။
“ ကလေးမြို့အနောက်တောင်ပိုင်း စက္ကန့်ရွာဘက်နဲ့ မြောက်ပိုင်းက လက်ပံချောင်းဘက်တွေမှာတော့ စစ်သားတွေရှိတယ်ဗျ၊ ထပ်ပြီးစစ်ကြောင်းထိုးတာမျိုးတော့မရှိဘူး။ မြို့အနောက်ပိုင်း နေကြာတိုက်ဘက်မှာတော့ သူတို့(စကစ)ဂိတ်ရှိတယ်။ ဒါပေမဲ့ အပြင်ထွက်ကင်းလှည့်တာမျိုးတော့မရှိဘူး” ဟု ဒေသကာကွယ်ရေး စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ယင်းအပြင်ကလေးမြို့အရှေ့ပိုင်းတွင် စစ်ကောင်စီနှင့် ပတ်သက်ဆက်နွှယ်နေသူများက မူးယစ်ဆေးဝါးများကို ပေါ်ပေါ်ထင်ထင်ရောင်းချနေကြပြီး မူးယစ်ဆေးဝါးသုံးစွဲသူများလည်း ပိုမိုများပြားလာကြောင်း သိရသည်။
“ မူးယစ်ဆေးကတော့ ကြာပြီ၊ ဆေးရုံကြီးနားနဲ့ ဆိပ်ကမ်းသာရပ်ကွက်တွေမှာ ပေါ်တင်ပဲရောင်းနေကြတာ၊ သုံးတဲ့လူတွေကလည်း လမ်းပေါ်တင်ပဲ အပ်တန်းလန်းနဲ့ သုံးနေကြတာ၊ ရောင်းတာကတော့ ပျူတွေနဲ့ကိုက်(အဆင်ပြေ)ရင် ရောင်းလို့ရတာပဲ၊ လက်ကြီးကလည်း တခြားမဟုတ်ဘူး စစ်တပ်ကကောင်တွေပဲ လုပ်နေကြတာ” ဟု ညောင်ပင်သာရပ်ကွက်တွင် နေထိုင်သည့်အမျိုးသားတစ်ဦးက ပြောသည်။
မူးယစ်ဆေးဝါးပြန့်နှံ့မှုသည် ဒေသကာကွယ်ရေးတပ်ဖွဲ့များ စိုးမိုးထားသည့် ကလေးမြို့ပတ်ဝန်းကျင်ကျေးရွာများသို့ပါ ပြန့်နှံ့လျက်ရှိပြီး တော်လှန်ရေးအင်အားစုများအနေဖြင့် ထိန်းချုပ်နိုင်ရန်ကြိုးပမ်းလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။