မြန်မာနယ်စပ်အနီးရှိ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဖန်ခရိုင်တွင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် မှောင်ခိုသမားများ စွန့်ပစ်ထားသည့် စိတ်ကြွဆေးပြား နှစ်သိန်းကို ထိုင်းစစ်သားများက သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ကင်းလှည့်နေသည့် ချိုင်ယာနုဖာအထူးတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းတို့ မွန်ပင်မြို့တွင် ယနေ့(ဇွန်၁ရက်)နံနက် နှစ်နာရီခွဲခန့်၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မှောင်ခိုသမားများမှာ တိုက်ပွဲဖြစ်ပွားရာနေရာမှ ထွက်ပြေးသွားခဲ့သည်။
ယင်းနောက် မှောင်ခိုသမားများမှ စွန့်ပစ်ထားသော စိတ်ကြွဆေးပြား ၁၀၀,၀၀၀ စီပါရှိသော အိတ်နှစ်လုံးကို ထိုင်းအာဏာပိုင်တို့ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ချင်းမိုင်မူးယစ်ဆေးနှိမ်နှင်းရေးတပ်ဖွဲ့မှူး ဗိုလ်ချုပ်ကြီး နာရစ်က “စစ်သားတွေ ထိခိုက်ဒဏ်ရာမရှိ ဘူး။ ချင်းမိုင်နယ်စပ်ကတစ်ဆင့် တရားမဝင် မူးယစ်ဆေးဝါးတွေ မှောင်ခိုဝင်ရောက်လာတာကို တားဆီးဖို့ အာဏာပိုင်တွေအနေနဲ့ ကင်းလှည့်တာတွေ တိုးမြှင့်ဆောင်ရွက်သွားမယ်” ဟု ပြောသည်။
ယခုကိစ္စကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး မူးယစ်မှောင်ခိုဂိုဏ်းထဲတွင် မည်သည့်နိုင်ငံသားများပါဝင်သည်ကို အတိအကျ မသိရသေးကြောင်း ထုတ်ပြန်ထားသည်။