မန္တလေးမြို့၊မန်းမြို့မဈေးရှိ ဆယ်သန်းရွှေဆိုင် ဒုတိယအကြိမ် ဓားပြတိုက်ခံရပြီး ရွှေ လေးပိဿာ ကျော် ပါသွားကြောင်းသိရသည်။
မေလ ၃၁ရက်၊မွန်းလွဲ သုံးနာရီခွဲခန့်တွင် မန္တလေးမြို့ ၊ မန်းမြို့မစျေး၊ ၈၄ လမ်း ၊ ၃၈ လမ်း နှင့် ၃၉ လမ်းကြား၌ ဖွင့်လှစ်ထားသည့် ဆယ်သန်းရွှေဆိုင်အား အမည်မသိလူလေးဦးက ဓားပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆယ်သန်းရွှေဆိုင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ ကားနဲ့ လူလေးယောက်လာတိုက်တာပါ။မျက်နှာဖုံးတွေစွပ်ပြီး တိုက်သွားတာ။သေနတ်က အတိုရော၊အရှည်ရော ပါတယ်။ရွှေထည်ပစ္စည်းစုစုပေါင်း လေးပိဿာကျော်ပါသွားတယ်။ ဆိုင်ကလူတွေကို ပစ်ခတ်သွားတာတော့ မရှိပါဘူး။ဘေးက ဝိုင်းအော်လို့ သေနတ် ငါးချက်ဖောက်ပြီး ထွက်ပြေးသွားတာပါ။သက်ဆိုင်ရာမှာ အမှုဖွင့်ပြီးပါပြီ။လာလည်း စစ်ဆေးသွားတယ်ပေါ့” ဟု ၎င်းက MPAသို့ ပြောသည်။
ဓားပြတိုက်သူများကို ယနေ့(ဇွန်တစ်ရက်)နံနက်ပိုင်းအချိန်ထိ ဖမ်းမမိသေးကြောင်းနှင့် မြို့ဝင်၊မြို့ထွက်များတွင် စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“ ကနဦးစစ်ချက်အရတော့ ဆယ်သန်းရွှေဆိုင်ကို အရင်လက တိုက်တဲ့သူတွေပဲတိုက်သွားတယ်လို့ ယူဆလို့ရတာပေါ့။တရားခံတွေစီးနင်းလာတဲ့ ကားကိုလည်းလိုက်နေပါတယ်” ဟု ၎င်းက ပြောသည်။
ဆယ်သန်းရွှေဆိုင်ကို Mark 2အမျိုးအစား 3M-6384 အဖြူရောင်အိမ်စီးကားဖြင့် ဓားပြလာတိုက်ခဲ့ကြောင်း နှင့် ဓားပြများကို တွေ့ပါက သက်ဆိုင်ရာထံ အကြောင်းကြားပေးရန် ဆယ်သန်းရွှေဆိုင်၏ လူမှုကွန်ရက်ပေါ်တွင် ဖော်ပြထားသည်။
၂၀၂၄ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက် ၊နံနက်ပိုင်းကလည်း ဆယ်သန်းရွှေဆိုင် ဓားပြတိုက်ခံခဲ့ရပြီး ရွှေထည်ပစ္စည်းစုစုပေါင်း နှစ်ပိဿာခန့်နှင့် ငွေကျပ်သိန်း ၂၀၀နီးပါး ပါသွားကြောင်း သိရသည်။