မွန်-တနင်္သာရီနယ်မြေစပ်ကြား၌ အခြေပြုလှုပ်ရှားနေသည့် ဒေါနစစ်ကြောင်း၏ ဆေးတပ်ဖွဲ့မှ ခြောက်လအတွင်း လူနာဦးရေ ၇၆၉ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပြီး လတ်တလောတွင် ငှက်ဖျားရောဂါနှင့် အအေးမိနှာစေး၊ တုပ်ကွေးရောဂါများကို အများဆုံးရင်ဆိုင်ကြုံတွေ့နေရသဖြင့် ကုသစောင့်ရှောက်မှုပေးနေရကြောင်း ဒေါနစစ်ကြောင်းထံမှ သိရသည်။
ဒေါနစစ်ကြောင်း ဆေးတပ်ဖွဲ့အနေဖြင့် ဒီဇင်ဘာလမှ ဧပြီလအတွင်း လူနာဦးရေ ၇၆၉ ဦးအား ကျန်းမာရေးပြုစု၊ ကုသစောင့်ရှောက်မှုများပေးခဲ့ခြင်းဖြစ်ပြီး ခြောက်လအတွင်း အဖြစ်များသောရောဂါမှာ ငှက်ဖျားရောဂါဖြစ်ကြောင်း ဒေါနစစ်ကြောင်းဆေးအဖွဲ့တာဝန်ခံက ဆိုသည်။
“ ငှက်ဖျားက ရဲဘော်တွေပိုဖြစ်များပြီး အအေးမိနှာစေးက ပြည်သူတွေဖြစ်များတယ်။ ပြည်သူတွေထဲ ငါးနှစ်ကလေး ငှက်ဖျားဖြစ်လာတာမျိုးတွေ့ရတယ်။ အခုလတ်တလော ရဲဘော်တွေထဲ အူရောင်ငန်ဖျားလူနာပါတွေ့ရတယ်” ဟု ၎င်းက MPA ကိုပြောသည်။
ဆေးဝါးများဈေးနှုန်းမြင့်တက်မှုနှင့် ဆေးအဖွဲ့၏ ဘတ်ဂျက် အခြေအနေများကြောင့် မိုးတွင်းကာလ၌ ရာသီတုပ်ကွေးရောဂါကာကွယ်ဆေးထိုးပေးနိုင်သည့် အခြေအနေမရှိသေးကြောင်း စုံစမ်းသိရှိရသည်။
“ ရာသီအကူးအပြောင်းကာလကတော့ ငှက်ဖျားတို့ ရာသီတုတ်ကွေးတို့ အဖြစ်များတယ်။ နေမကောင်းလို့ စစ်ဆင်ရေးကိစ္စ နှောင့်နှေးတာမျိုးတွေ မဖြစ်အောင်တော့ ကျန်းမာရေးစောင့်ရှောက်မှုကို အတတ်နိုင်ဆုံး ဆေးအဖွဲ့နဲ့ တိုင်ပင်ပြီးတော့ ပြင်ဆင်နေတာရှိတယ်။ ပြီးတော့ လိုအပ်တဲ့ဆေးဝါးတွေ စုဆောင်းနေတာရှိတယ်။ ကျန်းမာရေးစစ်ဆေးပေးနေတာလည်း ရှိတယ်။ အဓိက မဖြစ်ခင် ကြိုတင်ကာကွယ်ဆိုသလို ဘားတိုက်ပတ်ဝန်းကျင်သန့်ရှင်းရေးကအစ ကျပ်မတ်နေတယ်” ဟု ဒေါနစစ်ကြောင်း၏ စစ်ဆင်ရေးမှူး ကိုရန်နိုင်က ရှင်းပြသည်။
ရာသီအကူးအပြောင်းကာလဖြစ်သည့် ယခုတစ်ပတ်အတွင်း၌ ဒေါနစစ်ကြောင်းက ရဲဘော် ၂၅၀ ကျော် ငှက်ဖျားရောဂါဝေဒနာခံစားနေရပြီး ငှက်ဖျားဆေးဝါးများလိုအပ်လျက်ရှိကြောင်း သိရသည်။
“ ဆေးဝါးလိုအပ်ချက်အပြင် လူနာ refer transportation (သယ်ယူပို့ဆောင်ရေး)ပါ၊ ဒီထက်ပင် ပိုမိုခက်ခဲလာတာမျိုး ရှိနိုင်တယ်။ လတ်တလောဆို ဒီဇယ်ပြတ်တောက်မှု၊ ၀ယ်မရဖြစ်တာမျိုး ကြုံလာရပါတယ်” ဟု ဒေါနစစ်ကြောင်းဆေးအဖွဲ့တာဝန်ခံက ဆိုသည်။
ဒေါနစစ်ကြောင်းဆေးတပ်ဖွဲ့သည် ကျန်းမာရေး၀န်ထမ်းနှစ်ဦးအပါအဝင် ဆေးတပ်သား ၁၇ ဦး စုစုပေါင်း ၁၉ ဦးဖြင့် စစ်ကြောင်းရှိရဲဘော်များနှင့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများပေးနေကြောင်း သိရသည်။