NLD နာယက ဦးတင်ဦးကွယ်လွန်သည်ဟု သတင်းထွက်ပေါ်နေသည်မှာ မဟုတ်မှန်ဘဲ ရန်ကုန်ဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေကြောင်း ၂၀၂၄ခုနှစ်၊ မေ ၃၀ရက် ည ၁၀နာရီ၊ မိနစ် ၃၀ခန့်တွင် မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။
မေ ၃၀ရက် ညနေပိုင်းမှ စတင်ကာ NLD နာယက ဦးတင်ဦးကွယ်လွန်သည်ဟု သတင်းထွက်ပေါ်လာခြင်းဖြစ်ကာ၊ ကွယ်လွန်သည့် ဦးတင်ဦး မင်းဘူးမြို့မှ မြေစာရင်း(အငြိမ်းစား) ဉီးတင်ဉီးဖြစ်ပြီး နာမည်တူခြင်းသာဖြစ်သည်။
“မဟုတ်ပါဘူး။ ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှုခံယူနေပါတယ်” ဟု NLD နာယက ဦးတင်ဦး၏ သားဖြစ်သူ ဦးသန့်ဇင်က ပြောသည်။
အသက် ၉၈နှစ်အရွယ်ရှိပြီဖြစ်သည့် NLD နာယက ဦးတင်ဦးမှာ လက်ရှိတွင် ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေဆဲဖြစ်ကာ၊ အသက်အရွယ်ကြီးရင့်ပြီဖြစ်ခြင်းကြောင့် မိသားစုဝင်များက စောင့်ကြည့်နေရကြောင်း သားဖြစ်သူ ဦးသန့်ဇင်ထံမှ သိရသည်။
ဦးတင်ဦးသည် ၁၉၇၄ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ ဗိုလ်ချုပ်ကြီးရာထူးဖြင့် တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၁၉၈၈ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တည်ထောင်ချိန်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ထိပ်ပိုင်းခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့သူဖြစ်ကာ လက်ရှိတွင်လည်း NLD ပါတီ၏ နာယကအဖြစ် တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။