ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများတွင် မိုးရာသီရောက်ပြီဖြစ်သဖြင့် မိုးကာများ အပူတပြင်းလိုအပ်နေကြောင်း သိရသည်။
လက်ရှိ စစ်ဘေးရှောင်ပြည်သူတို့၏တဲများ၌ အမိုးနှင့်အကာအဖြစ် အသုံးပြုထားသော မိုးကာများမှာ ဆွေးမြေ့နေပြီဖြစ်၍ ယခုနှစ်မိုးတွင်းတွင် လုံခြုံမှုရှိစေရေးအတွက် မိုးကာများ လိုအပ်နေခြင်းဖြစ် ကြောင်း စစ်ရှောင်များအရေး ကူညီပေးနေသော Freelance Volunteer Myanmar ထံက သိရသည်။
“ မိုးကာကတော့ အဓိကလိုအပ်တာပဲ။ စစ်ရှောင်တွေက စားဖို့အနိုင်နိုင်လေ ဝယ်ဖို့ ဘယ်လိုမှ မတတ်နိုင်ကြဘူး။ပြည်တွင်း၊ပြည်ပက အလှူရှင်တွေပဲ အားကိုးနေကြရတာ။ မိုးရွာတော့ လမ်းတွေကမကောင်း သွားရလာရ အခက်အခဲဖြစ်တယ်” ဟု Freelance Volunteer Myanmar အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက MPAသို့ ပြောသည်။
ဒီးမော့ဆိုအနောက်ခြမ်းတွင် စစ်ရှောင်စခန်း ၁၀၀ ကျော်ရှိပြီး စခန်းတစ်ခုလျှင် လူဦးရေ ၃၀၀ခန့်ရှိကြောင်း စစ်ဘေးရှောင်အချို့မှာ ၂၀၂၁ခုနှစ်ကတည်းက နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရသူ များဖြစ်ကြောင်း သိရသည်။
“ ကျမတို့အိမ်က ဒီးမော့ဆိုမြို့ပေါ်မှာ ရှိနေသေးတယ်။ အိမ်က ကောင်းသေးတယ်လို့တော့ မြို့ပေါ်ရောက်တဲ့ မိတ်ဆွေတွေ ပြောပြလို့ သိရတယ်။ကိုယ့်အိမ်ကိုယ်တော့ ပြန်နေချင်တယ်။ မိုင်းတွေရှိနေသေးလို့ ပြန်လို့မရဘူး။ စစ်ရှောင်စခန်းမှာကလည်း တစ်ရက်မဟုတ်တော့ အဆင်မပြေဘူး။ မိုးကာဆိုလည်း ခဏခဏလဲနေရတယ်။ ဝါးတွေနဲ့ဆောက်ထားတာမို့ ဝါးပိုးမှုန်တွေအိပ်ရင် မျက်စိထဲဝင်တယ်” ဟု ဒီးမော့ဆိုမြို့ခံ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။
မိုးကာကို အမိုး၊အကာနှင့် ရေလှောင်ကန်အဖြစ် အသုံးပြုကြပြီး ရေရှည်ခိုင်ခံ့မှုမရှိသဖြင့် တစ်နှစ်တစ်ခါ အသစ်လဲရကာ စစ်ဘေးရှောင်ကူညီရေးအဖွဲ့များက အကူအညီပေးကြသော်လည်း လူဦးရေများပြားသဖြင့် လောက်ငှမှုမရှိကြောင်း စစ်ဘေးရှောင်ပြည်သူအချို့ထံက သိရသည်။
လက်ရှိတွင် ဒီးမော့ဆိုအနောက်ခြမ်း၌ ၁၀ ပေပတ်လည် မိုးကာတစ်ချပ်လျှင် ကျပ်၄၀,၀၀၀အထိ စျေးပေါက်သည်။


