မကွေးတိုင်း၊ မြိုင်မြို့နယ် တောတိုက်အချို့ရှိ ပြည်သူတို့၏ ရိက္ခာများကို ကန်နီပျူစောထီးတို့ ညအချိန် တွင် ဝင်ရောက် လုယက်နေကြောင်း သိရသည်။
မြိုင်မြို့နယ်၊ကန်နီပျူစောထီးကျေးရွာမှ ပျူစောထီးတို့သည် ရိက္ခာပြတ်နေကြပြီဖြစ်၍ ညအချိန်၌ ကျေးရွာများအနီး တောတိုက်ထဲရှိ ပြည်သူပိုင်ရိက္ခာများကို လုယက်ခြင်းနှင့် တောတိုက်များအား မီးရှို့ခြင်းတို့ ပြုလုပ်နေကြောင်း ဒေသခံအချို့ထံက သိရသည်။
“ ၁၅ရက်လောက် ရှိပြီ။ သူတို့(ပျူစောထီး)က လှုပ်နေတော့ ကောင်းကောင်းမအိပ်ရဘူး။ ရွာတွေထဲ ၀င်လာမှာ ကြောက်ရတယ်လေ။ ဟိုရက်က ညဘက်တွေ မိုးတွေ ရွာတော့ ပိုတောင် မအိပ်ရဲဘူး။ မိုးသံနဲ့ သေနတ်ပစ်သံတွေ မကြားရမှာ ကြောက်လို့” ဟု ကန်နီပျူစောထီးရွာအနီးနေ ဒေသခံ အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
မေလ ၁၅ နောက်ပိုင်းမှစ၍ ကန်နီပျူစောထီးကျေးရွာမှ ပျူစောထီး ၇၀ ၀န်းကျင်တို့သည် ည ကိုးနာရီကျော် နှင့် နံနက်သုံးနာရီခန့်တို့၌ တောတိုက်များအတွင်း ဝင်ရောက်မွှေနှောက်နေခြင်းဖြစ် သည်။
ထို့အပြင် ပျူရွာအတွင်းရှိ ရေစက်မောင်းနိုင်ရန် ကန်နီပျူရွာအနီး ပုသိမ်-မုံရွာ ကားလမ်းပေါ် ဒီဇယ် သယ်လာသောကားများအား ဖမ်းဆီးနေကြောင်း သိရသည်။
“ ရွာတွေထဲထိတော့ ၀င်တာမျိုး မဟုတ်ဘူး။ တောတိုက်တွေထိပဲ ၀င်တာ။ တောတိုက်တွေထဲ တဲတွေတွေ့ရင် ကြိုက်တာ ယူတယ်။ မီးရှို့တယ်။ တောထဲ ဒီအတိုင်းလည်း လမ်းရှင်းပြီး မီး ရှို့တာမျိုး လုပ်တယ်။ နောက်ပြီး ဒီဇယ်ကားတွေ ဖမ်းတယ်။ ရေမောင်းရအောင် ဒီဇယ်တွေ လိုက်စုနေတာ” ဟု မြိုင်ပကဖ သတင်းနှင့် ပြန်ကြားရေး တာ၀န်ခံ ရဲဘော်သုတက ပြောသည်။
လက်ရှိအချိန်ထိ ဒီဇယ်ကား သုံးစီးကို ဖမ်းဆီးထားပြီး မေလ ၂၉ရက်အထိ ညအချိန်များ၌ ကင်းပုန်း များ၀ပ်ကာ အနီး၀န်ကျင်သို့ ထွက်နေကြောင်း သိရသည်။
“ ညဆို ကိုးနာရီလောက် ထွက်တတ်တယ်။ မထွက်ခင် ကင်းပုန်း၀ပ်တယ်။ တချို့ ညတွေ မနက်ထ၊ သုံးနာရီလောက်မှထပြီး ထွက်တယ်။ မိုးလင်းရင် ပြန်၀င်တယ်။ အဓိက ရိက္ခာပြတ်နေတော့ ရအောင် ပတ်ရှာတာပဲ “ ဟု ၎င်းက ဆက်လက်ပြောသည်။
ပျူစောထီးတို့ ညစဉ် မွှေနှောက်နေသောကြောင့် ကန်နီပျူစောထီးကျေးရွာအနီးရှိ အလယ်စု တောတိုက်၊ အလယ်ကန် တောတိုက်၊ ၊ကွမ်းတော၊ လက်ထုတ်တော နှင့် တောင်ပို့ ကျေးရွာတို့မှ ပြည်သူများမှာ ညတိုင်း အသင့်အနေအထားဖြင့် နေနေရကြောင်း ဒေသခံအချို့ထံက သိရသည်။
စစ်ကောင်စီတပ်သည် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ ကန်နီပျူရွာသို့ ရိက္ခာ နောက်ဆုံးပို့ခဲ့ခြင်း ဖြစ်ပြီး ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ရိက္ခာပို့ စစ်ကြောင်း လာသော်လည်း PDFတို့၏ ပိတ်ဆို့ တိုက်ခိုက်မှုများကြောင့်ကန်နီသို့ မရောက်ဘဲ ပြန်လည် ဆုတ်ခွာခဲ့ရသည်။
ကန်နီပျူစောထီး ကျေးရွာအတွင်း၌ လက်နက်ကိုင် အင်အား မည်မျှ ရှိကြောင်း အတိအကျ မသိရသေးသော်လည်း ပျူစောထီးသင်တန်း ဆင်းပြီးသော ပျူစောထီး အဖွဲ့၀င် ၃၀၀ နီးပါး ရှိကြောင်း မြိုင်ပကဖ ထံက သိရသည်။