စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မေလအတွင်း ပြည်သူ ၅၀ကျော် သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က သတင်းထုတ်ပြန်သည်။
မေလတစ်ရက်မှ ၃၀ရက်အတွင်း နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂၂ဦး၊အမျိုးသား ၃၀ ၊စုစုပေါင်း ၅၂ဦး သေဆုံးခဲ့ကြောင်း အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ သည်ဟု AAPP က ထုတ်ပြန်သည်။
“လေကြောင်းတိုက်ခိုက်မှုဆိုတာကတော့ စစ်ကောင်စီရဲ့ အားသာချက်ပါပဲ။ဒီနေ့အထိ လေကြောင်းတိုက်ခိုက်မှုကို မဟာဗျူဟာမြောက် ပြန်မတိုက်နိုင်သေးဘူး။နိုင်ငံတကာကလည်း ထုံးစံ အတိုင်း ဟိုလိုလိုဒီလိုလိုနဲ့ ပြီးနေတယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးကပြော သည်။
သေဆုံးပြည်သူ ၅၂ဦးထဲတွင် အသက် ၁၈ နှစ်အောက် ကလေးငယ်ခြောက်ဦးနှင့် အသက် ၆၀နှင့်အထက် ကိုးဦး ပါဝင်ကြောင်းသိရသည်။
မေလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသည့်အထဲတွင် မကွေးတိုင်းက ၂၂ဦးဖြင့် အများဆုံးဖြစ်ကြောင်း AAPP ကဆိုသည်။
မေလလေးရက်၊ ည ခုနှစ်နာရီ ၄၅မိနစ်ခန့်တွင် မကွေးတိုင်း၊ပေါက်မြို့နယ်တောင်ပိုင်းရှိ သီးခြောက်(တောင်) ရွာနှင့် ဇီးတော ကျေးရွာတို့ ရှိ စာသင်ကျောင်းများကို စစ်တပ်က Mi 35 တိုက်ခိုက်ရေး ရဟတ်ယဉ်တစ်စင်းနှင့် ဂျက်ဖိုက်တာ တစ်စင်းတို့ဖြင့် လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ အဲရက်က ညအချိန် စစ်ရေး လှုပ်ရှားမှု မရှိဘဲ ပစ်သွားတာ။ သီးခြောက် (တောင်) ရွာ အလယ်တန်း ကျောင်းရဲ့ စာသင်ဆောင်လေးဆောင် ပျက်စီးပြီး ပြည်သူတစ်ဦး ထိသွားတယ်။ အဲဒါပြီး သုံးရက်လောက် အဲနားက ကျေးရွာတွေ လေကြောင်း အန္တရာယ်ကြောင့် သုံးရက်လောက် ရှောင်လိုက်ရတယ်” ဟု ပေါက်တောင်ပိုင်း ပကဖ အဖွဲ့၀င် ရဲဘော် ကျီးကန်းက ပြောသည်။
မေလတစ်ရက်မှ ၃၀ရက်အတွင်း နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂၉ ဦးနှင့် အမျိုးသား ၂၃ ဦး စုစုပေါင်း ၅၂ ဦး သေဆုံးခဲ့ကြောင်း အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်ဟုလည်း AAPP က ထုတ်ပြန်ထားသေးသည်။
၎င်းအရေအတွက်တွင် အသက် ၁၈ နှစ်အောက် သေဆုံးသူ ခြောက် ဦးနှင့် အသက် ၆၀နှင့်အထက် သေဆုံးသူ ကိုး ဦး ပါဝင်သည်။
လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးမှု အများဆုံးဒေသမှာ ရခိုင်ပြည်နယ်ဖြစ်ပြီး ၁၃ဦးသေဆုံးကြောင်း AAPPကဆိုသည်။