စစ်ကိုင်းတိုင်း၊ ဒီပဲယင်း၊ကြည်ရွာအရေးအခင်း ၂၁နှစ်ပြည့်အဖြစ် တန့်ဆည်မြို့နယ်အတွင်းရှိ စစ်ရေး ပစ်မှတ်များကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၄ (ရေဦးPDF)က သတင်း ထုတ်ပြန်သည်။
ယနေ့(မေလ၃၀ရက်)မွန်းလွဲ တစ်နာရီခန့်တွင် တန့်ဆည်မြို့နယ်၊အက်တောရွာနှင့် သဲကုန်းရွာ၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းလေးစင်းဖြင့် ဗုံး၁၀လုံး ကြဲချခဲ့ခြင်းဖြစ်သည်။
“ သူတို့ရဲ့စခန်းနားကိုကျတော်တို့ဒရုန်းတွေနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာ။သူတို့ဘက်က ကျတော်တို့ဒရုန်းတွေကို လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာရှိပါတယ်၊ဒရုန်းလာတဲ့ဘက်ကိုလည်း လက်နက်ကြီးတွေနဲ့ပြန်ပစ်ပါတယ်” ဟု ရွှေဘိုခရိုင် အမှတ် ၁၄တပ်ရင်း (ရေဦး PDF) မှ တပ်ရင်းမှူးက MPAသို့ပြောသည်။
ဗုံးသီးများသည် စစ်တပ်အထိုင်ချထားသော ဘန်ကာများအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သားများ သေဆုံး၊ထိခိုက်အခြေအနေကို စုံစမ်းနေဆဲဟု ရွှေဘိုခရိုင် အမှတ် ၁၄တပ်ရင်း ကထုတ်ပြန်ထားသည်။
“အက်တောဆိုတာက အိမ်ခြေ ၆၀၀ကျော် ၇၀၀လောက်ရှိတဲ့ ရွာကြီးဆိုတော့ အဲလိုရွာကြီးတွေမှာ စစ်တပ်က အထိုင်ချတာ နည်းနည်းကြာပြီ။ဒေသခံ ပျူတွေနဲ့ တွဲထိုင်တာ။စစ်ကြောင်းထိုးရင် ပျူတွေ က လမ်းပြပေါ့။ နယ်မြေကျွမ်းတော့ အထိနာတာ သက်သာတယ်။အခု ဒရုန်းနဲ့ပစ်တာကတော့ အသေ အပျောက် မကြားရသေးဘူး” ဟု အက်တောရွာနှင့် မလှမ်းမကမ်းတွင်နေသော ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပြန်ပစ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
၂၀၀၃ ခုနှစ်၊ မေလ၃၀ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးတင်ဦးတို့ လိုက်ပါလာသော ယာဉ် တန်းကို ဒီပဲယင်းမြို့နယ်၊ကြည်ရွာအထွက်၌ စစ်အစိုးရ၏ လက်ကိုင်တုတ်များက အကြမ်းဖက်ရိုက် နှက်ခဲ့ကြသည်။


