ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် လင်မယားနှစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သူကို ဖမ်းဆီးပြီး အရေးယူနိုင်ရန်အတွက် TNLA ရှာဖွေနေကြောင်း TNLA လက်အောက်ခံ ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၂၄ခုနှစ်၊ မေ ၂၆ရက်တွင် နမ့်ခမ်းမြို့၊ ကောင်းနောင်မိုရပ်ကွက်သို့ ပစ္စည်းပိုပြီးပြန်လာသည့် လင်မယားနှစ်ဦးကို အမည်မသိအဖွဲ့တစ်ခုက သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
“ဒါက အရေးကြီးတဲ့ ကိစ္စတစ်ခုပဲ။ အရေးယူဖို့ လုပ်ဆောင်နေတာရှိပါတယ်။ အခုလဲ ဆောင်ရွက်နေဆဲပါ၊ ဒီတိုင်းမထားပါဘူး။ အခုအသတ်ခံရတဲ့ လင်မယားက အွန်လိုင်းကနေ စျေးရောင်းကြတဲ့သူတွေ၊ ပစ္စည်းပို့ပြီး ပြန်အလာမှာ အပစ်ခံရတာ၊ အခုလည်း ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ ဒီတိုင်း ပြစ်ထားဘူး”ဟု TNLA လက်အောက်ခံ ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက MPA သို့ပြေုသည်။
ထိုကဲ့သို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် လင်မယားနှစ်ဦးအနက် အမျိုးသမီးဖြစ်သူသည် ကျည်စံထိမှန် ဒဏ်ရာရရှိခဲ့ပြီး နမ့်ခမ်းပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း သိရသည်။
လင်မယားနှစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့် အမည်မသိလက်နက်ကိုင်အဖွဲ့သည့် ကားဖြင့်ထွက်ပြေးသွားခြင်းဖြစ် ကြောင်း နမ့်ခမ်းဒေသခံ အမျိုးသားတစ်ဦးကပြောသည်။
“ လင်မယားနှစ်ယောက်ကို ပစ်သွားတဲ့အဖွဲ့ကို အခုထိ ဖမ်းမမိသေးဘူးလို့ကြားတယ်။ သူတို့တွေ ဘာရန်ငြိုးတွေရှိလဲတော့ မသိဘူး။ ဖြစ်သွားတဲ့နေရာက အိမ်နဲ့ နီးတော့ အသံကြားလိုက်တယ်။ သုံးချက်လောက်ပစ်သွားတာ” ဟု ၎င်းက ပြောသည်။
TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့အတွင်း ပြည်သူလူထုကို ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်သည် ပထမဆုံးဖြစ်ပွားခဲ့သည့် ဖြစ်စဉ်လည်းဖြစ်သည်။
လက်ရှိတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် နမ့်ခမ်းမြို့အတွင်း TNLA က လုံခြုံရေး တင်းကျပ်ထားပြီး စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
နမ့်ခမ်းမြို့သည် ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲအတွင်းမှာ TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် မြို့တစ်မြို့လည်း ဖြစ် သည်။