ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ ကျေးရွာသုံးရွာမှ လူငယ် ကိုးဦးကို စစ်မှုထမ်းရန်အတွက်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ ခုနစ်၊ မေလ ၂၉ ရက်၊ နံနက် ၉နာရီတွင် စစ်ကောင်စီက အင်အား ၁၀၀ ခန့်ဖြင့် ကျေးရွာများသို့ဝင်ရောက်ကာ လူငယ် ကိုးဦးကို စစ်မှုထမ်းရန်အတွက် စာရင်းများသွင်းခိုင်းပြီး အတင်းအဓမမ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဝေါမြို့နယ်၊ စိုင်တီစုရွာနေ ဒေသခံ အဘိုးအိုတစ်ဦးကပြောသည်။
“ စစ်ကားတွေ ရွာထဲကို ရုတ်တရက်ကြီးဝင်လာပြီး ရွာထဲကအရွယ်ကောင်းတဲ့ ယောင်္ကျားလေးတွေကို ရပ်ကွက်ရုံးကို ဖမ်းခေါ်သွားတာ၊ နောက်ပြီး စစ်မှုထမ်းဖို့ စာရင်းသွင်း လက်မှတ်တွေထိုးခိုင်းပြီး အပတ်စဉ်(၃)အတွက် စစ်မှုထမ်းဖို့ တစ်ခါတည်းခေါ်သွားတယ်” ဟု ညောင်ကိုင်းကျေးရွာနေ ဒေသခံတစ်ဦးက MPA ကိုပြောသည်။
ထိုကဲ့သို့ စစ်မှုထမ်းရန်အတွက် လာရောက်ဖမ်းဆီးရာတွင် အပတ်စဉ် ၂အတွက်မဟုတ်ဘဲ အပတ်စဉ် ၃အတွက်ဖြစ်သည်ကို လက်မှတ်ထိုးခဲ့ရသည့် လူငယ်တစ်ဦး၏ မိခင်တစ်ဦးကရှင်းပြသည်။
“ သူတို့ဖမ်းသွားပြီးတော့ အိမ်မှာ ပစ္စည်းတွေယူဖို့ ပြန်လာခွင့်ပေးတယ်။ ဒါပေမဲ့ စစ်သား နှစ်ဦးတော့ပါလာတယ်။ သားတို့က အပတ်စဉ် ၃ အတွက်ခေါ်ခံရတာလို့ပြောသွားတယ်။ ပြီးတော့ ဘယ်မှာနေရမှာလဲမေးတော့ သားတို့လဲမသိဘူးဆိုပြီး ပြန်ပြောတယ်” ဟု ၎င်းက ပြောသည်။
စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခံခဲ့ရသည့် လူငယ်သုံးဦးသည် ဝေါမြို့နယ် ညောင်ကိုင်းရွာမှ လေးဦး၊ ဘုရားပျိုရွာမှ သုံးဦးနှင့် စိုင်တီစုရွာမှ နှစ်ဦးတို့ဖြစ်ပြီး အပတ်စဉ် ၂အတွက် မဲပေါက်ထားသည့် သူများကိုလည်း စစ်တပ်က ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
“ အပတ်စဉ် ၃အတွက် စစ်မှုထမ်းဖို့ မဲပေါက်ပြီးတဲ့သူတွေကရှိသားကို အကြောင်းမဲ့ လူငယ်တွေကိုဖမ်းပြီး စစ်မှုထမ်းခိုင်းတာ၊ အပတ်စဉ် ၃အတွက် မဲပေါက်ထားတဲ့သူတွေက စစ်မှုထမ်းရမဲ့နေရာကို မသွားရသေးဘူး။ မနေ့က အဖမ်းခံရ တဲ့သူတွေကတော့ တစ်ခါထဲ သင်ကြားရေးစခန်းကို ပို့ခံရတယ်” ဟု စိုင်တီစုရွာ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ပဲခူးတိုင်းအတွင်း စစ်မှုထမ်းရန် မဲပေါက်သူများအနက်မှ ပိုက်ဆံတတ်နိုင်သူများသည် လူစားထိုးရန်အတွက် စစ်တပ်ကို လာဘ်ငွေပေးမှုများကြောင့် မဲမပေါက်သည့်လူငယ်များဖြင့် အစားထိုးရန်အတွက် ဖမ်းဆီးနေခြင်းဖြစ်သည်ဟု စိုင်တီစုရွာဒေသခံ အမျိုးသမီးတစ်ဦးက ဆက်လက်ရှင်းပြသည်။
စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ရက်တွင် စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက် မြန်မာနိုင်ငံရှိ လူငယ်အများ စုသည် အိမ်နီးချင်းနိုင်ငံများသို့ တရားဝင်လမ်းကြောင်း သို့မဟုတ် တရားမဝင် လမ်းကြောင်းများမှ ထွက်ပြေးတိမ်း ရှောင်မှုများနေ့စဉ် မြင့်တက်လျက်ရှိသည်။
ထိုကဲ့သို့ စစ်မှုထမ်းဥပဒေကြောင့် စစ်မှုမထမ်းလိုသည့် လူငယ်အချို့သည့် အဆုံးစီရင်မှုများရှိနေပြီး MPA မှ ရရှိထားသည့် စာရင်များအရ လူငယ် ခြောက်ဦးထက် မနည်း အဆုံးစီရင်ခဲ့သည်။