ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ဆီဆိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသဖြင့် ဒေသခံ ၁၀၀၀ ခန့် တောတောင်များထဲ ဝင်ပုန်းနေရကြောင်း သိရသည်။
မေလ ၂၉ရက်က စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့သည် ဆီဆိုင်မြို့နယ်၊ ပန်ရန်းရွာ နှင့် ထမ်းယံတိုင်ရွာတို့သို့ လက်နက်ကြီးဖြင့် နာရီအတန်ကြာ ပစ်ခတ်ခဲ့သဖြင့် ဒေသခံများ နီးစပ်ရာတောတောင်များထဲတွင်ပုန်းခိုနေရကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် မတော်(PNLA)၏ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံကပြောသည်။
“ ဒီနေ့လည်း မပြန်နိုင်သေးဘူး။ဒီနေ့လည်း ဆက်ပြေးနေတုန်း။ လက်နက်ကြီးတွေကျနေတုန်းပေါ့။ မနေ့ညကပစ်တယ်၊အလုံးရေ၆၀ကျော်ပေါက်ကွဲတယ်ပေါ့။အခုပြည်သူ ၁၀၀၀ကျော် အခုထိ တောတောင်ထဲ ထွက်ပြေးနေရတုန်းပဲ” ဟု ၎င်းက MPA သို့ ပြောသည်။
စစ်ကောင်စီတပ်သည် ဆီဆိုင်မြို့နယ်၊လွယ်မောတောင်ဒေသ၊ပင်မူးကျေးရွာတွင် လက်နက်ကြီး အထိုင်ချကာ ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဆီဆိုင်မြို့နယ်အတွင်း အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။
“ အခုပစ်နေတာက PNOတွေပစ်နေကြတာ။ပြီးတော့ နေအိမ်ထိခိုက်မှုတွေက တချို့ရှိတယ်။ မြေပြင်ထိ စာရင်းမကောက်နိုင်သေးဘူး။ပြည်သူတွေလည်း နေရပ်မပြန်ရသေးပါဘူး။တောထဲမှာပဲ နေထိုင်စားသောက်နေရတာပေါ့” ဟု ၎င်းက ပြောသည်။
မေလ ၂၉ရက်၊ ညနေပိုင်းကလည်း ဖက်နမ်ကျေးရွာအနီး ဖြတ်သန်းသွားလာနေသည့် အသက် ၃၀အရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း PNLAတပ်ဖွဲ့ထံက သိရသည်။
သေဆုံးသူအမျိုးသားသည် မည်သူမည်ဝါဖြစ်ကြောင်းနှင့် မည်သည့်အရပ်မှ ဖြစ်ကြောင်း PNLAတပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်သည်။