ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဖားအံခရိုင်၊ နဘူးမြို့နယ်၊ သရက်တောစစ်ရှောင်စခန်း၌ အချိန်ငါးလနီးပါးကြာ စစ်ဘေးရှောင်နေရဆဲဖြစ်သည့် စစ်ရှောင်ပြည်သူများအနေဖြင့် စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်လျက်ရှိကြောင်း ကော့ကရိတ်စစ်ရှောင်ပြည်သူများထံမှ သိရသည်။
“ အဆင်ကတော့မပြေဘူးပေါ့။ စခန်းကနေစရာပေးပေမယ့်မကျွေးဘူး။ ကိုယ့်ဘာသာ အလုပ်ထွက်လုပ်ရတယ်။ ပြန်လို့က မရသေးတော့ ခဏဒုက္ခခံရမှာပေါ့။ အစားသောက်နဲ့ ဆေးဝါးတော့ လိုတယ်။ ဒီဘက်မှာအလှူရှင်တွေလည်း မလာဘူး” ဟု စစ်ရှောင်အမျိုးသမီးတစ်ဦးက MPA ကိုပြောသည်။
အဆိုပါ သရက်တော စစ်ဘေးရှောင်စခန်းတွင် စစ်ရှောင်ပြည်သူ ၂၀၀ ဝန်းကျင်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက် မရရှိကြောင်း သိရသည်။
“ တခါတလေကျရင်တော့ ဆရာဝန်တစ်ယောက်လာတယ်။ သူကကြာမှတစ်ခါလာတယ်။ အခုကာလ ရာသီအကူးအပြောင်းကြောင့် ကလေးတွေအတော်များများ နေထိုင်မကောင်းဖြစ်ကြတာတွေရှိတယ်” ဟု ၎င်းက ရှင်းပြသည်။
စခန်းတွင်းနေထိုင်သော စစ်ရှောင်ပြည်သူအချို့မှာ ဝမ်းရေးအတွက်ဈေးရောင်းကာ ဖြေရှင်းနေကြသလို အချို့မှာမြို့ပေါ်တွင် သွားရောက်အလုပ်လုပ်ကိုင်နေရကြောင်း သိရသည်။
“ တောတောင်အရပ်ဒေသမှာ မှီတင်းနေထိုင်တဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေ အခုမိုးတွင်းအခြေအနေအရ သူတို့အခက်အခဲရှိတယ်။ အဓိက စားဝတ်နေရေးပေါ့ဗျာ။ နေထိုင်မှုကတော့ သင့်တော်သလို ကျတော်တို့ ပေးနေလို့ရတယ်။ တောတောင်အရပ်ဒေသမှာနေနေရတဲ့ စစ်ရှောင်တွေလဲ အခက်အခဲရှိသလို မြို့တွင်းမှာပြန်နေနေတဲ့ ပြည်သူတွေလဲ လုံခြုံရေးအခက်အခဲရှိနိုင်ပါတယ်။ နှစ်ဘက်စလုံးက အခက်အခဲရှိကြတာပါပဲ” ဟု KNU၊ တပ်မဟာ ၆ ၊ ကော့ကရိတ်မြို့နယ်၏ အတွင်းရေးမှူးက ဆိုသည်။
ယခု မေလဆန်းပိုင်းမှစတင်၍ စစ်ကောင်စီ၏ ဖိအားပေးမှုများအပါအဝင် မိုးတွင်းကာလ စစ်ရှောင်စခန်းများတွင် နေထိုင်ရန် အဆင်မပြေမှုများကြောင့် ကော့ကရိတ်မြို့တွင်းပြန်နေသည့် စစ်ဘေးရှောင်များလည်းရှိကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီက ကော့ကရိတ်ဒေသခံများ နေရပ်ပြန်ရန် စည်းရုံးရေးများလုပ်ဆောင်နေသလို တစ်ဖက်တွင်လည်းကော့ကရိတ်မြို့ပြင်ဘက်ရှိ အာရှလမ်းသစ်ပေါ်တွင် မြဝတီမြို့ကို ထိုးစစ်ဆင်ရန်အတွက်ရောက်ရှိနေသော စစ်ကောင်စီအောင်ဇေယျစစ်ကြောင်းနှင့် KNU/KNLA ပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။



