ပြည်တွင်းငွေဈေးနှုန်း မငြိမ်သက်မှုကြောင့် သွင်းကုန်ရောင်းချသည့် ကုမ္ပဏီအချို့ အရောင်းရပ်ဆိုင်းထားရကြောင်း သက်ဆိုင်ရာကုမ္ပဏီများထံမှ စုံစမ်းသိရှိရသည်။
ပြည်တွင်းငွေကြေးဈေးနှုန်းသည် ရက်ပိုင်းမဟုတ် နာရီပိုင်းအတွင်းမှာပင် ပြောင်းလဲမှုများရှိနေခြင်းကြောင့် ကုန်ပစ္စည်းများတင်သွင်းရောင်းချရာတွင် အခက်အခဲများရင်ဆိုင်နေရသဖြင့် အရောင်းယာယီရပ်နားထားရခြင်းဖြစ်ကြောင်း နိုင်ငံခြားဖြစ်အိတ်အမျိုးမျိုးတင်သွင်းရောင်းချနေသည့် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“နာရီပိုင်းအတွင်းမှာငွေဈေးတွေက ပြောင်းလဲနေတယ် ၊ ပစ္စည်းအမှာ အော်ဒါလက်ခံလိုက်တယ် ဘယ်ဈေးနဲ့ဆိုပြီး လက်ခံလိုက်ပေမယ့် ငွေဈေးကပြောင်းသွားပြန်ရင် အဲ့ဒီဈေးနဲ့မရတော့ဘဲ အရှုံးပေါ်လာတယ်။ အဲ့ဒါကြောင့် လတ်တလော ငွေဈေးငြိမ်တဲ့အထိ ခေတ္တ အရောင်းရပ်ဆိုင်းထားတာ၊ အရင်ကလည်းဒါမျိုးဖြစ်ဘူးတယ်၊ နိုင်ငံခြားငွေလဲနှုန်းတွေမြင့်လာပြီးတော့ ငွေကြေးမငြိမ်မသက်ပြီးတော့ အရောင်းရပ်ဆိုင်းရတာတွေရှိဖူးတယ်” ဟု ၎င်းက MPA ကိုပြောသည်။
အလားတူ ဆေးတင်သွင်းဖြန့်ချီသည့်ကုမ္ပဏီ၊ ကလေးပစ္စည်းများတင်သွင်းရောင်းချသည့်ကုမ္ပဏီ၊ အလှကုန်ပစ္စည်းများတင်သွင်းရောင်းချသည့်ကုမ္ပဏီအစရှိသည့် နိုင်ငံခြားမှကုန်ပစ္စည်းများတင်သွင်းရောင်းချရသည့် ကုမ္ပဏီအချို့လည်း အရောင်းရပ်ဆိုင်းရခြင်းနှင့် မှာယူပစ္စည်းများရောက်မလာခြင်းများကြုံတွေ့နေရကြောင်း သိရသည်။
“ ပစ္စည်းက မှာလိုက်ရင်ငွေကြေးဈေးမငြိမ်တော့ ဘယ်လိုမှ အဆင်မပြေဘူး၊ ဒေါ်လာဈေးတွေကလည်းထိုးတက်နေတာနဲ့ ပစ္စည်းမှာပြီးပြန်ရောင်းဖို့က အမြတ်မကျန်ဘူးဖြစ်နေတယ်၊ ဈေးက တောက်လျှောက်တက်နေတာ၊ နောက်ပြီးမှာယူထားတဲ့ပစ္စည်းတွေ ရောက်မလာတာတွေလဲရှိတော့ တချို့ပစ္စည်းတွေကိုတော့ အရောင်းရပ်ထားရတယ်၊ တချို့ပစ္စည်းတွေကိုတော့ ဈေးနှုန်းတင်ပြီးရောင်းနေရတာရှိတယ်” ဟု ကလေးပစ္စည်းနှင့်အလှကုန်ပစ္စည်းများ တင်သွင်းရောင်းချသည့် လုပ်ငန်းရှင်တစ်ဦးကရှင်းပြသည်။
လက်ရှိ မြန်မာ့ငွေကြေးဈေးကွက်တွင် မေ ၃၀ ရက်၊ နံနက်ပိုင်းက အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၄၉၀၀ နှင့် ၅၀၀၀ ခန့်အထိပေါက်ဈေးရှိနေပြီး၊ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၅၉ သိန်းနီးပါးအထိ ပေါက်ဈေးရှိလာကာ မြန်မာကျပ်ငွေတန်ဖိုးမှာ ဆက်တိုက်ကျဆင်းလာခြင်းဖြစ်သည်။