စစ်ကောင်စီက အသက်မပြည့်သေးသည့် လူငယ်များကို နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးပြီး လူငယ်ထိန်းသိမ်းရေးသင် တန်းကျောင်းများတွင် ထားရှိနေခြင်းဖြစ်သည်။
ထိုကဲ့သို့ ဖမ်းဆီးခံထားရသည့် လူငယ်များအနက် လူငယ်ထိန်းသိမ်းရေးသင်တန်းကျောင်း သုံးခုရှိ နိုင်ငံရေးအကျဉ်းသူ များကို စစ်ကောင်စီက လိင်ပိုင်းဆိုင်ရာ ဖိနှိပ်မှုများပြုလုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ၂၀၂၄ခုနှစ်၊ မေ ၃၀ရက်တွင် ထုတ်ပြန်ထားသည်။
ယခုလို လူငယ်သင်တန်းကျောင်းများတွင် လိင်ပိုင်းဆိုင်ရာ ဖိနှိပ်မှုများအနက် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ အမျိုးသမီး လူငယ်ထိန်းသိမ်းရေးသင်တန်းကျောင်းသည် အဆိုးရွားဆုံးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ ရန်ကုန်မှာဆို ဗဟန်းမြို့နယ်မှာ ရှိတဲ့ အမျိုးသမီး လူငယ်ထိန်းသိမ်းရေးကျောင်းက လိင်ပိုင်းဆိုင်ရာဖိနှိပ်မှုကို အဓိက လုပ်နေတာ တွေ့ရတယ်။ ပြီးတော့ ကော့မှူးကျောင်းပေါ့၊ အမျိုးသမီးတွေရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်တဲ့ နေရာတွေနဲ့ အိမ်သာသွားတဲ့နေရာတွေကို မျက်နှာမူထားတဲ့ CCTVတွေတပ်ထားတာက အတော်ကို ဆိုးရွားတဲ့ လုပ်ရပ်တွေပါ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။
ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်ရှိ လူငယ်ထိန်းသိမ်းရေးသင်တန်းကျောင်းတွင် ထောင်ဝန်ထမ်းများ၏ ဆွေမျိုးတော်စပ်သူ အမျိုးသားများမှ ဝင်ထွက်သွားနေမှုများသည် နိုင်ငံရေးအကျဉ်းသူများ အဝတ်အစားများလဲနေချိန်နှင့် အိပ်နေချိန်များတွင် အဆင်မပြေသောကြောင့် လုံးဝ မလုပ်သင့်သော လုပ်ရပ်များဖြစ်ကြောင်း ကိုသိုက်ထွန်းဦးက ဆက်လက် ရှင်းပြသည်။
ထို့ပြင် လူငယ်ထိန်းသိမ်းရေးကျောင်းများတွင် စစ်ကောင်စီတပ်က နိုင်ငံရေးအကျဥ်းသူများကို ပြစ်ဒဏ်ပေးသည့်အနေဖြင့် အဝတ်အစားအားလုံးကို ချွတ်ခိုင်းကာ နေခိုင်းနေသည်များလည်း ရှိကြောင်း စုံစမ်းသိရှိရသည်။
“ ကျတော်တို့အဖွဲ့အနေနဲ့ဆို နိုင်ငံရေးအကျဉ်းသားတွေ၊ နိုင်ကျဉ်းသူတွေ အကြောင်းကို ထုတ်ပြန်နေတာတွေ ရှိတယ်။ သို့သော်လည်း ပိုပြီးတော့ အာရုံစိုက်ဖို့ လိုအပ်လာတာက လူငယ်သင်တန်းကျောင်းအမည်ခံထားတဲ့ အကျဉ်းထောင်ထဲက ကလေးတွေပါ၊ အဲဒီထဲမှာဆိုရင် နိုင်ငံရေးပုဒ်မ အမျိုးမျိုးနဲ့ နှစ်ရှည် ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ကလေးတွေ ရှိပါတယ်။ အဲ့ဒါကြောင့်မလို့ ကျန်တဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း အာရုံစိုက်ပေးကြဖို့ ပြောချင်ပါတယ် ” ဟု နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“ လူငယ်ထိန်းသိမ်းရေးကျောင်းမှာ ရှိနေတဲ့ နိုင်ကျဉ်းသူလေးတွေက ရာဇ၀တ်ပြစ်မှုတွေနဲ့ ရောက်လာတဲ့သူတွေ မဟုတ်ဘူး။ စစ်တပ်က နိုင်ငံရေးပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးခံထားကြရတဲ့သူတွေပါ၊ အဲဒီ နိုင်ကျဉ်းသူလေးတွေကို ရန်သူလို သဘောထားပြီး လိင်ပိုင်းဆိုင်ရာကိစ္စတွေ ဖိနှိပ်နေတာက အတော်လေးကို အောက်တန်းကျတဲ့ လုပ်ရပ်တွေပါပဲ၊ ဒီလိုကိစ္စတွေအတွက် စစ်တပ်က တစ်ချိန်မှာ လုံးဝကို တာဝန်ယူရပါမယ်” ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့တည်ထောင်သူ မဇူးဇူးမေယွန်းက ပြောသည်။
လက်ရှိ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ လူငယ်ထိန်းသိမ်းရေးသင်တန်းကျောင်းတွင် နယ်ဝေးမှ မိသားစုဝင်များ ပါဆယ်ပေးပို့နိုင်ခြင်းမရှိသည့် နိုင်ငံရေးအကျဉ်းသူများသည် သင်တန်းကျောင်းမှ ကျွေးသည့် ပဲဟင်းနှင့် ထမင်းကိုသာ အဓိကအားပြုစားသောက်နေထိုင်နေကြရကာ၊ တစ်ပတ်လျှင် ကြက်ဥဟင်း သုံးရက်သာ ကျွေးနေပြီး အသားဟင်းနှင့်အချို့အစားအသောက်များကိုမူ အလှူရှင်ရှိသည့်အချိန်များမှသာ စားရကြောင်း သိရသည်။