စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်တွင် စစ်မှုထမ်းရန်အတွက် စစ်တပ်က ဖမ်းဆီးထားသည့် လူငယ်များထဲမှ ၁၃ဦး ထွက်ပြေးလွတ်မြောက်လာကြောင်း သိရသည်။
မေလ ၂၉ရက်က ရေဦးမြို့၊ အထကတစ်ကျောင်းထဲတွင် စစ်တပ်က စစ်မှုထမ်းရန်အတွက် ဖမ်းဆီးထားသည့် လူငယ်များအနက် ၁၃ဦး ထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်ပြီး ဖမ်းဆီးခံ PDF မြို့ပေါ်ယူဂျီရဲဘော်တစ်ဦးက ဦးဆောင်ကာ ခေါ်ထုတ်လာခြင်းဖြစ်ကြောင်း ရေဦးမြို့နယ်ပကဖထံက သိရသည်။
“ မြို့ထဲမှာ ယူဂျီ အဖြစ်လုပ်နေရင်း စစ်သားစုဆောင်းရေးမှာ အဖမ်းခံရတာ။ သူ့ကို ရဲဘော်မှန်းမသိတော့ ဒီအတိုင်းထားလိုက်တာ။ သူက ဦးဆောင်ပြီးခေါ်လာတာပဲ။အစ်ကိုတို့က မြို့နားထိ သွားခေါ်လိုက်တာ။ အစ်ကိုတို့ ပကဖစိုးမိုးနယ်မြေထဲမှာပဲ သူတို့ကိုထားထားတယ်” ဟု ရေဦးမြို့နယ်ပကဖတာဝန်ခံက MPAသို့ပြောသည်။
ဖမ်းဆီးထားသူများကို အထကတစ်ကျောင်း အဆောင်အပေါ်ထပ်၌ထားပြီး စစ်သားများက အောက်ထပ်တွင်နေကာ အမြဲလိုလို မူးရူးသောက်စားနေသဖြင့် အလွယ်တကူထွက်ပြေးလွတ်မြောက်လာကြခြင်းဖြစ်ကြောင်း သိရသည်။
“ ကျောင်းဆောင်ကြီးက အခန်း ၄၀လောက်ရှိတယ်။ လက်နက်နဲ့က ငါးယောက်လောက်ပဲရှိတယ်။ သူတို့ကလည်း မူးရူးသောက်စားနေလို့ လွယ်လွယ်ကူကူထွက်လာနိုင်တာ” ဟု ၎င်းကဆက်လက်ပြောသည်။
လက်ရှိတွင် အထကတစ်ကျောင်းထဲ၌ ဖမ်းဆီခံထားရသူ ရှစ်ဦးကျန်နေသေးကြောင်း သိရသည်။
ရေဦးမြို့ပေါ်တွင် စစ်တပ်က စစ်မှုထမ်းရန် လိုက်လံဖမ်းဆီးနေသဖြင့် မြို့ခံလူငယ်များသည် PDFတပ်ဖွဲ့များ စိုးမိုးထားသည့် နယ်မြေများသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ရေဦးမြို့ခံအမျိုးသားတစ်ဦးကပြောသည်။
“ စစ်တပ်ကတော့ စစ်မှုထမ်းစေချင်တာပေါ့။ ပြည်သူတွေကလည်း မထမ်းချင်တော့ ထွက်ပြေးကြတယ်လေ။ တစ်ခါတလေ မိတဲ့သူတွေလည်းရှိတယ်။ အခုတော့ မြို့ထဲမှာ အသွားအလာနည်းသွားပြီ” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် မေလ ၁၀ရက်ကလည်း ရေဦးမြို့၊ အထကတစ်ကျောင်းအတွင်း စစ်တပ် ဖမ်းဆီးထားသည့် လူငယ် ၁၁ဦးနှင့် မေလ ၁၄ရက်တွင် ရှစ်ဦး ထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်းသိရသည်။