ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်ရှိ မြဝတီဘဏ်စောင့်စစ်သားများကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ အနည်းဆုံး နှစ်ဦးသေဆုံးနိုင်ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ Yangon Army ထံက သိရသည်။
ယမန်နေ့ (မေလ ၂၉ရက်)ညနေ ခြောက်နာရီ ၄၅မိနစ်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ဝေဇယန္တာလမ်းမပေါ်ရှိ မြဝတီဘဏ်စောင့် စစ်သားများကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ နှစ်ကောင် အနည်းဆုံး ငရဲပြည်ဆင်းတယ်။ဘန်ကာထဲအသီး(ဗုံး)တန်းဝင်သွားတယ်” ဟု Yangon Army (YA)၏ ပြန်ကြားရေးတာဝန်ခံက MPA သို့ ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို Yangon Army(YA)နှင့် ရန်ကုန်အနောက်ပိုင်းခရိုင် ပကဖ အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အနောက်ပိုင်းခရိုင် ပကဖ ၊ စစ်ရေးတာဝန်ခံက ပြောသည်။
“ မစ်ရှင်အတွင်းမှာ ထိခိုက်ခဲ့တဲ့ ရဲဘော်ရယ်လို့မရှိပါဘူး။နောက်ပြီး စစ်မှုထမ်းဥပဒေကို အသက်ဝင် အောင် အကောင်အထည်ဖော်ဆောင်ရွက်နေသူတွေကိုလည်း အမြန်ဆုံးတိုက်ခိုက်သွားဖို့ရှိပါ တယ်” ဟု ၎င်းက ပြောသည်။
မြဝတီဘဏ်တိုက်ခိုက်မှုတွင် ထိခိုက်၊ေသေဆုံး ရှိနိုင်ကြောင်း တောင်ဥက္ကလာပ၊စာတိုက်အနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။
“ဘယ်လောက် သေသလဲ၊ထိသလဲတော့ မသိဘူးပေါ့နော်။ဘေးပတ်ဝန်းကျင်ကနေ သိရတာက ဗုံး ကွဲပြီးမကြာဘူး၊ လူနာတင်ယာဉ်လာတယ်ဆိုတော့ သေနိုင် ထိနိုင်တာပေါ့” ဟု ၎င်းကပြောသည်။
ယနေ့နံနက်ပိုင်းတွင် ယင်းမြဝတီဘဏ်အနီး၌ စစ်ကောင်စီတပ်က ယခင်အတိုင်းကင်းချထားခြင်းသာ ရှိပြီး လုံခြုံရေးတင်းကျပ်ထားခြင်းမျိုး မပြုလုပ်ထားကြောင်း သိရသည်။