စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများကို တိုက်ရိုက်ဦးတည်ပြီး ဖမ်းဆီးသတ်ဖြတ်ခြင်း ၊ မီးရှို့သတ်ဖြတ်ခြင်းနှင့် စစ်ကြောရေးတွင် ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခြင်းတို့ကြောင့် နှစ်ပတ်အတွင်း အရပ်သား ၁၅၀ နီးပါးသေဆုံးခဲ့ ကြောင်း BNI – Myanmar Peace Monitor က မေ ၂၉ရက်တွင် ထုတ်ပြန်ထားသည်။
၂၀၂၄ ခုနှစ် မေလ ၈ ရက်မှ မေလ ၂၁ ရက်အထိ နှစ်ပတ်တာအတွင်း စစ်ကောင်စီစစ်တပ်ကြောင့် အရပ်သားပြည်သူ ၁၄၅ ဦးထိ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု BNIက ဆိုထားသည်။
နှစ်ပတ်တာအတွင်း အရပ်သားပြည်သူ သေဆုံးမှုအများဆုံးမှာ စစ်ကိုင်းတိုင်းဖြစ်ပြီး ဒုတိယအများဆုံးမှာ မကွေးတိုင်း ၊တတိယအများဆုံးမှာ ရခိုင်ပြည်နယ်တို့မှ ဖြစ်ကြောင်း BNI၏ မှတ်တမ်းတွင် ဖော်ပြထားသည်။
“ မြေပြန့်ဒေသဖြစ်တဲ့ စစ်ကိုင်း ၊ မကွေးမှာက တော်လှန်ရေးအင်အားစုတွေ အထိုက်အလျောက်စိုးမိုးထားနိုင်ပြီ၊ တချို့မြို့နယ်တွေဆိုရင် နယ်မြေ ၇၀ရာခိုင်နှုန်းလောက်ထိ စိုးမိုးထားနိုင်တဲ့အနေအထားပါ၊ အဲ့ဒါကြောင့်လည်း စစ်ကောင်စီက စစ်ကြောင်းထိုးရလွယ်ကူတဲ့ မြေပြန့်ဒေသမှာ အရပ်သားပြည်သူတွေကို ဦးတည်တိုက်ခိုက်မှုတွေ တောက်လျှောက်ပြုလုပ်နေတယ်လို့ မြင်ပါတယ်” ဟု စစ်ကိုင်းတိုင်းမှ ကာကွယ်ရေးရဲဘော်တစ်ဦးက MPA သို့ပြောသည်။
၂၀၂၄ခုနှစ် မေလ ၁၁ ရက်က စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် လက်တုတ္ထောကျေးရွာတွင် အရပ်သားပြည်သူ ၃၀ ကျော် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်နှင့် နှိုင်းယှဉ်၍ ပြည်သူများ အထူးဂရုပြုရန် လိုအပ်ကြောင်း BNI – Myanmar Peace Monitor မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
“ ဒီဖြစ်စဉ်ကို ကြည့်ရင် အရပ်သားပြည်သူတွေအနေနဲ့ စစ်ကောင်စီစစ်ကြောင်းတွေ ဝင်ရောက်လာမဲ့သတင်းကို သိသိကြီးနဲ့ လွတ်အောင် မရှောင်တိမ်းနိုင်ခဲ့လိုက်ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ အခုအချိန်ဟာ အာဏာသိမ်းစစ်အုပ်စုနဲ့ အပေါင်းအပါတွေဟာ အဘက်ဘက်က ကျရှုံးနေတဲ့အချိန်မှာ စိတ်ဖြေစရာတစ်ခုလိုမျိုး လက်နက်မဲ့၊ အပြစ်မဲ့တဲ့အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေကြတာပါ၊ ဒါကို သင်ခန်းစာထားသင့်ပါတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ နှစ်ပတ်တာအတွင်းတွင် စစ်ကောင်စီတပ်သားများဘက်မှ ၃၁၃ ဦး သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်သား ၂၈ဦး သေဆုံးခဲ့ကြောင်း ၊ စစ်ကောင်စီတပ်သားများ သေဆုံးမှုအများဆုံးမှာ ရခိုင်ပြည်နယ် ၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်းတို့တွင် ဖြစ်ကြောင်း BNI မှတ်တမ်းအရ သိရသည်။