မြန်မာနိုင်ငံအနှံ့ရှိ အကျဉ်းထောင်များတွင် စစ်ကောင်စီ၏ ထောင်ဝင်စာပါဆယ်များ ကန့်သတ်မှုများကြားမှ တစ်လအတွင်း နိုင်ငံရေးအကျဉ်းသူ ၄၃ဦးအထိ ကူညီပေးနိုင်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့-WOPPမှ သိရသည်။
၂၀၂၄ခုနှစ်၊ မေ ၂၂ရက်မှ စတင်ကာ အကျဉ်းထောင်များ၌ ထောင်ဝင်စာပို့သူများသည် မိသားစုဝင် မဟုတ်လျှင် ပို၍မရဟု စစ်ကောင်စီက ကန့်သတ်လိုက်ခြင်းကြောင့် နိုင်ငံရေးအကျဉ်းသား မိသားစုများ အခက်အခဲဖြစ်ပေါ်နေခြင်းဖြစ်သည်။
“ ကျမတို့က နိုင်ကျဉ်းသူတွေကို ကူညီနိုင်ဖို့အတွက် ဖွဲ့ထားတဲ့အဖွဲ့ဖြစ်တာမို့ စစ်ကောင်စီက ဘယ်လိုပဲ ကန့်သတ်မှုတွေ ဖိနှိပ်မှုတွေပဲ လုပ်နေ လုပ်နေ၊ ကျမတို့ ဆက်ပြီး ကြိုးစားသွားမှာပါ” ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နိုင်ငံရေးအကျဉ်းသူများအဖွဲ့က ၂၀၂၄ခုနှစ်၊ မေလတွင် အင်းစိန်ထောင်၊ ဒိုက်ဦးထောင်၊ သာယာဝတီထောင်၊ ရမည်းသင်းထောင်၊မြင်းခြံထောင်၊ ကျိုက်မရောထောင်၊ မအူပင်ထောင်များ၌ မတရား အကျဉ်းချခံနေကြရသည့် နိုင်ငံရေး အကျဉ်းသူ ၄၃ဦးအား တစ်ဦးလျှင် မြန်မာငွေ ၅၀,၀၀၀နှုန်းဖြင့် ထောက်ပံ့ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသူများကို ကူညီထောက်ပံ့နိုင်ရန်အတွက် ငါးခြောက်ကြော်များကို နိုင်ငံရေးအကျဉ်းသူများအဖွဲ့က ကိုယ်တိုင် ပြုလုပ်ရောင်းချနေကာ၊ အခြားအမျိုးသမီးအင်အားစုအဖွဲ့များနှင့်ပူးပေါင်းကာ နိုင်ငံရေးအကျဉ်းသူများအတွက် ကူညီမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်သည် အကျဉ်းထောင်များအတွင်း ဖိနှိပ်မှုများ ဆက်တိုက်ပြုလုပ်နေပြီး နိုင်ငံရေးအကျဉ်းသားများကို ကူညီပေးနေရသည့် လမ်းကြောင်းများ ယခင်ကဲ့သို့ မလွယ်ကူတော့ကြောင်း ထောင်ဝင်စာ ကူညီပေးနေသူများက ပြောသည်။
“ ထောင်ဝင်စာကိစ္စတွေက မသိမသာနဲ့ကို ပိုပိုခက်ခဲလာတယ်။ အရင်ကဆို အဖေနာမည်၊ ထောင်ဝင်နံပါတ်သိရင် ပို့လို့ရသေးတယ်။ အခုဆို မရတော့ဘူး။ ပြီးတော့ ကုန်ဈေးနှုန်းတွေကလည်း မြင့်တက်လာတော့ တစ်လတစ်လကို မလွယ်ပါဘူး” ဟု လစဉ် ထောင်ဝင်စာပို့နေသူတစ်ဦးက ပြောသည်။
စစ်တပ် အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်မှ စတင်ကာ ၂၀၂၄ခုနှစ်၊ မေ ၂၄ရက်အထိ အကျဉ်းထောင်များတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူပေါင်း ၂၆၇၂၃ ဦးအထိ ရှိနေကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း – AAPP၏ စာရင်းများအရ သိရသည်။