ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်နေသော်လည်း မူးယစ်ဆေးဝါးများသည် စျေးပေါစွာဖြင့် အလွယ်တကူဝယ်ယူနိုင်နေကြောင်း မူးယစ်ဆေးဝါးရောင်ချသူများထံမှ စုံစမ်းသိရှိရသည်။
ထိုကဲ့သို့ မူးယစ်ဆေးဝါးများကို ရန်ကုန်မြို့တွင် အလွယ်တကူဝယ်ယူနိုင်ပြီး ရဲများကို လိုင်းကြေးပေးထားပါက ဖမ်းဆီးမှုပင် မခံရကြောင်း သိရသည်။
လက်ရှိ ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေး အကျပ်အတည်းကြောင့် စားသောက်ကုန်၊ စက်သုံးဆီ စသဖြင့် အထွေထွေကုန်စျေးနှုန်းများသည် အာဏာသိမ်း သုံးနှစ်ကျော်လာချိန်၌ သုံးဆကျော်ထိမြင့်တက်နေခြင်းဖြစ်သည်။
သို့သော် မူးယစ်ဆေးဝါးများမှာမူ စစ်အာဏာသိမ်းပြီးနောက် ပို၍ စျေးလျော့လာခဲ့ပြီး ရန်ကုန်မြို့ရှိ လူစားကားသော မီးပွိုင့်များ၌ပင် အလွယ်တကူ ဝယ်ယူရရှိနေခြင်းဖြစ်သည်။
“ WY တစ်လုံး နှစ်ထောင်လောက်ကနေ အခုဆို ဘယ်မှာ သွားရှာဝယ်ဝယ် တစ်လုံးတစ်ထောင်နဲ့ ရနေပြီ၊ ၀ယ်တတ်ရင် တစ်လုံး ၃၀၀လောက်နဲ့တောင် ရတယ်” ဟု တာမွေမြို့နယ်မှ မူးယစ်ဆေးသုံးစွဲသူ လူငယ်တစ်ဦးက ပြောသည်။
စစ်အာဏာသိမ်းကာလတွင် ရန်ကုန်မြို့၌ WY ၊ အိုက်စ် ၊ ဘိန်းဖြူ စသည့် မူးယစ်ဆေးဝါးများ ပို၍ ပေါများလာပြီး ဒေါ်လာစျေးမည်မျှ တက်တက် အဆိုပါ မူးယစ်ဆေးဝါးများမှာ စျေးမတက်ဟု သိရသည်။
ထို့ပြင် ရဲအား လိုင်းကြေးပေးနိုင်ပါက မူးယစ်ဆေးရောင်းချသူများမှာ ဖမ်းဆီးခံရလျင်ပင် ပြန်လွှတ်ပေးပြီး ယင်းနောက် ဆက်လက်၍ အခြေအနေမပျက် မူးယစ်ဆေးဝါးရောင်းချခွင့် ပြန်ပေးထားသည်ဟုလည်း သိရသည်။
“ လိုင်းကြေး ညှိတာ အဆင်မပြေဘဲ ရောင်းနေရင် လာဖမ်းမယ်။ မိရင် လိုင်းကြေးညှိထားတာ ပြန်ပေးလိုက် ပြန်လွတ်တယ်” ဟု အမည်မဖော်လိုသူ ၂၅နှစ်အရွယ် မူးယစ်ဆေးဝါးရောင်းချသူ တစ်ဦးက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ယင်းသို့ မူးယစ်ဆေးဝါးများ ပေါများလာသဖြင့် လူငယ်အများအပြား မူးယစ်ဆေးသုံးစွဲမှု နွံထက် နစ်မြုပ်ရသည့် အခြေအနေများလည်း ပိုများလာနေသည်ဟု ရန်ကုန်မြို့ခံများက ပြောကြသည်။