ရှမ်းပြည်နယ်၊ ကျောက်မဲမြို့ပေါ်တွင် ဗုံးကွဲပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေး တင်းကျပ်ထားသဖြင့် ဒေသခံများ သတိထားနေရကြောင်း သိရသည်။
မေလ ၂၆ရက်တွင် ဗုံးပေါက်ကွဲပြီးနောက် ကျောက်မဲမြို့တွင်း၌ ညနေ ခြောက်နာရီမှ စတင်ကာ ပြည်သူများ အပြင်ထွက်သွားလာမှု သိသိသာသာ လျော့ကျသွားကြောင်း ကျောက်မဲမြို့၊ နှစ်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။
“ ကျောက်မဲမှာက မနက်ခြောက် ၊ည ခြောက်ပဲ ထွက်ရမယ်လို့ အမိန့်ထုတ်ထားပေမယ့် ည၁၀နာရီလောက်ထိ မြို့ထဲသွားလာနေကြတာပဲ။ဆိုင်တွေလည်း ဖွင့်တာကိုး။အခု One Loveဟိုတယ်ရှေ့မှာ ဗုံးကွဲတော့ စစ်တပ်က ကင်းလည်းပြန်ပတ်တယ်။ကင်းပုန်းချတာလည်းရှိတော့ ပြည်သူတွေ အပြင်မထွက်ရဲတော့တာပါ” ဟု ၎င်းက MPAသို့ ပြောသည်။
ကျောက်မဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် ကျောက်မဲမြို့နေပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်နေသည့် တပ်ဖွဲ့ဖြစ်ပြီး One Love ဟိုတယ်ရှေ့ ဗုံးဖောက်ခွဲမှုကို မလုပ်ဆောင်ခဲ့ကြောင်း ကျောက်မဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ခံက ပြောသည်။
“ ပြီးခဲ့တဲ့ ၂၆ရက်နေ့က One Love ဟိုတယ်ရှေ့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်ဟာ ကျွန်တော်တို့လုပ်တာ လုံးဝမဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။
မေလ ၂၆ရက်နေ့၊ညရှစ်နာရီခန့်တွင် ကျောက်မဲမြို့ရှိ One Love Hotel ရှေ့၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ ပြီး လူတစ်ဦး မစိုးရိမ်ရ ဒဏ်ရာရကာ ကားနှစ်စီးနှင့်ဟိုတယ်ပြတင်းပေါက်မှန်တချို့ထိမှန်ခဲ့ကြောင်း ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ ကျောက်မဲမှာ အခုလိုဗုံးပေါက်တာက ဒါပထမဆုံးပဲ။ဒီမှာက တိုက်ပွဲဖြစ်ရင် မြို့ပြင်မှာဖြစ်တာ။မြို့ထဲမှာ ဗုံးပေါက်တာတို့ ပစ်ခတ်တာတို့မရှိဘူး။ဟိုတယ်ရှေ့ဗုံးကွဲတာက ဆက်ကြေးမပေးလို့ တိုင်းရင်းသားလက်နက်ကိုင်ဘက်က လာသတိပေးတာလို့ ပြောတယ်။ထိသွားတာက ဟိုတယ်စောင့်ဝန်ထမ်းပါ။ခြေထောက်ထိသွားတယ်” ဟု ၎င်းက ပြောသည်။
ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်ရင်းများအပြင် တေအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)၊ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် ကျောက်မဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့လည်း အခြေစိုက်ကြောင်း သိရသည်။