စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ အောင်သုခရွာကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ရွာ ၁၅ ရွာမှ ပြည်သူ နှစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများနှင့် PDF များထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ မေ၂၇ရက်၊ နေ့လယ် ၁၂နာရီ ၃၀မိနစ်ခန့်က တန့်ဆည်မြို့နယ်၊ နားဋောင်းကျရွာမှ ထွက်လာသော အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် အောင်သုခရွာကိုဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ရွှေဘိုခရိုင် အမှတ် ၅၂ ဗျူဟာစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ အောင်သုခရွာထဲက ပြည်သူတစ်ဦး နေအိမ်ကိုပဲ ရွေးရှို့သွားတာ၊ ဒီစစ်ကြောင်းက ၂၂ ရက်နေ့ထဲက တန့်ဆည်မြို့နယ်ထဲမှာ ပတ်ထိုးနေတာ။” ဟု ရွှေဘိုခရိုင်အမှတ် ၅၂ ဗျူဟာစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းစစ်ကောင်စီစစ်ကြောင်းကြောင့် ဗျက်ကြီး ၊ သာကေတ ၊ အိုးသယ်ကုန်း ၊ ညောင်လေးပင် ၊ သာယာကုန်း ၊ အင်းဘတ် ၊ တုတ္တလုပ်မြောက်ရွာ ၊ တုတ္တလုပ်တောင်ရွာ ၊ အောင်သုခ ၊ ရွာသစ် ၊ ညံသာ ၊ ရွှေလှန် ၊ ငတန်း ၊ သဲကုန်း ၊ တောင်တောရွာတို့မှ ပြည်သူ နှစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းကပြောသည်။
“ တို့ရွာကတော့ ၂၅ ရက်နေ့ကစရှောင်ရတယ်။ မနက်ပိုင်းသေနတ်သံတွေကြားလို့ ရှောင်လာကြတာ၊ အဲဒီနေ့ကပဲ အနီးအနားရွာက မိန်းမတစ်ယောက်လည်း ကျည်မှန်ပြီး သေတယ်ကြားတယ်။ မိုးကရွာလိုက် ရပ်လိုက်ဆိုတော့ ရှောင်ရပြုရတာ ဒုက္ခများတာပေါ့” ဟု အမည်မဖော်လိုသည့် စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။
အဆိုပါစစ်ကြောင်းသည် တန့်ဆည် – ကာဘိုးလမ်းပိုင်းအား စစ်ကောင်စီတပ်အထိုင်ချနိုင်ရန် ရည်ရွယ်၍ ထိုးလာသောစစ်ကြောင်းဖြစ်ကြောင်း ၊ ယင်းလမ်းအား အထိုင်ချနိုင်ပါက ကန့်ဘလူမြို့နယ်ဘက်မှ စစ်အင်အားပို့ဆောင်ရန် လွယ်ကူသွားနိုင်မည်ဖြစ်ကြောင်း ဒေသခံကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
“ သူတို့ ( စစ်ကောင်စီစစ်ကြောင်း )က သဲကုန်းရွာမှာ အထိုင်ချထားတယ်။ အဲဒီရွာက တန့်ဆည် – ကန့်ဘလူအစပ်ကရွာပေါ့၊ နောက်ပြီး တုတ္တလုပ်တောင်ရွာပေါ့၊ ဒီရွာနှစ်ခုကို စစ်တပ်ကထိုင်ထားတာနဲ့ တန့်ဆည်နယ်အရှေ့ခြမ်းကို ပေးလိုက်ရသလိုဖြစ်နေတယ်။ ကန့်ဘလူဘက်ကနေ တန့်ဆည် – ကာဘိုးလမ်းအတိုင်း ကားနဲ့ကိုလာလို့ရတဲ့အနေအထားဗျ၊ ကျတော်တို့လည်း ကာဖို့တော့ကြိုးစားနေတယ်” ဟု ၎င်းကပြောသည်။
ယင်းစစ်ကြောင်းသည် ၂၀၂၄ခုနှစ်၊ မေ ၂၅ရက်က တုတ္တလုပ် (မြောက်) ရွာကို စစ်ကြောင်း နှစ်ကြောင်းခွဲကာ လက်နက်ငယ်များနှင့် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး အသက် ၅၄ နှစ်အရွယ် ဒေါ်မြင့်မြင့်စန်းဆိုသည့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည်။