ထိုင်းနိုင်ငံရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးများတွင် Visa တုံးထုထားခြင်းမရှိသည့် Passport များအတွက် သက်တမ်းမတိုးပေးတော့ကြောင့် Passport သက်တမ်းတိုးသူများနှင့် ပွဲစားများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ မေ ၇ရက်မှစတင်ကာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးများတွင် Visa တုံးထုထားသည့် Passport စာအုပ်များကိုသာ သက်တမ်းတိုးပေးပြီး၊ တုံးထုထားခြင်းမရှိသည့် Passport စာအုပ်များကို တုံးမထုပေးတော့ကြောင့် Passport စာအုပ်ပြုလုပ်ပေးသည့် ပွဲစား ကိုတရုတ်ကြီးကပြောသည်။
“ သက်တမ်းကုန် Passport စာအုပ်အလွတ်တွေက သက်တမ်းတိုးမရတာက ထိုင်းနိုင်ငံက မြန်မာသံရုံးမှာဘဲမရတာ၊ ထိုင်းမှာရှိတဲ့သူတွေက သက်တမ်းတိုးချင်ရင် မြန်မာနိုင်ငံကို ပြန်ပြီးတော့ တိုးလို့ရတယ်” ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
လက်ရှိ ထိုင်းနိုင်ငံသို့ တရားဝင်နည်းလည်း သို့မဟုတ် တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်သူတိုင်းကို ထိုင်းနိုင်ငံအစိုးရက တရားဝင် အလုပ်သမားကဒ်ဖြစ်သည့် ပန်းရောင်ကတ်နှင့် Work Permit တို့ထုတ်ပေးပြီး၊ နောက်တစ်ဆင့်အနေဖြင့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံသို့ ကူးသန်းနိုင်သည့် Certificate Of Identity-CI စာအုပ်ပြုလုပ်ရခြင်းဖြစ်သည်။
ထိုကဲ့သို့ ပြုလုပ်ရာတွင် Passport ရှိသူများအနေဖြင့် CI စာအုပ် ပြုလုပ်စရာမလိုဘဲ၊ Passoprt သက်တမ်းတိုးပြီး Visa တုံးထုကာ ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်နိုင်ရန်အတွက် ဆောင်ရွက်ခွင့်ရရှိနိုင်မည်ဖြစ်သည်။
သို့သော် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ Visa ထုထားခြင်းမရှိသည့် Passport များကို သက်တမ်းမတိုးပေးတော့သဖြင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အချို့ အခက်ကြုံတွေ့နေရခြင်းလည်းဖြစ်သည်။
“ ၂၀၂၃၊ ဖေဖော်ဝါရီလက ဘန်ကောက်ကို အောက်လမ်းကနေ လာပြီး ဘတ်ရိုက်တာ၊ passport စာအုပ်ကရှိပြီးသားဆိုပေမဲ့ သက်တမ်း ကုန်နေတာ နှစ်နှစ်လောက်ရှိပြီ၊ ဒီနှစ် ဇန်နဝါရီလမှ work permit ရလို့ passport ကိုသက်တမ်းတိုးပြီး Visa ထည့်မို့လုပ်နေတာ၊ ပွဲစားနဲ့ချိတ်ပြီး ရုံးရောက်တဲ့နေ့ကြ စာအုပ်အလွတ်ဖြစ်နေလို့ မရဘူးမြန်မာနိုင်ငံပြန်လုပ်ချင်လုပ်လို့ရတယ်လို့ သံရုံးကတာဝန်ရှိသူတစ်ဦးက ပြောတယ်” ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး(ဘန်ကောက်မြို့)တွင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသားတစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံအတွင်းရှိ မြန်မာများအနေဖြင့် Visa တုံးထုထားခြင်းမရှိသည့် Passport များ သက်တမ်းတိုးလို့မရသော်လည်း ပန်းရောင်ကတ်၊ Work Permit နှင့် CI စာအုပ်များ ပြုလုပ်နိုင်ကြောင်း အဆိုပါကိစ္စများကို လိုက်လံဆောင်ရွက်ပေးနေ သည့် ပွဲစားများထံမှ သိရသည်။
ထို့ပြင် ကျောင်းသား Visa ဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိသူများသည်လည်း Passport သက်တမ်းတိုးလိုပါက ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် သက်တမ်းတိုးလို့မရဘဲ၊ ချင်းမိုင်မြို့ရှိ မြန်မာသံရုံးတွင်သာ သက်တမ်းတိုး၍ ရကြောင်း သိရသည်။