ရှမ်းပြည်နယ်တောင်ပိုင်းရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ကျန်းမာရေးဝန်ဆောင်မှု လက်လှမ်းမမီခြင်းကြောင့် မွေးကင်းစကလေးငယ် သေဆုံးမှုများရှိနေကြောင်း ပအို့ဝ်လူငယ်အစည်းအရုံးထံမှ သိရသည်။
လေးလကျော်ကြာတိုက်ပွဲဖြစ်ပွားနေသည့် ရှမ်းပြည်တောင်ပိုင်းရှိ ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်၊ပင်လောင်းနှင့် ညောင်ရွှေဒေသများရှိ စစ်ဘေးရှောင်ပြည်သူများထဲတွင် ကိုယ်ဝန်ဆောင်များလည်းပါရှိပြီး ၎င်းတို့အနေဖြင့် ကျန်းမာရေးအကူအညီမရယူနိုင်ခြင်း၊ လက်လှမ်းမမီခြင်းစသည့် အခြေအနေများဖြစ်ပေါ်ခဲ့ကြောင်း ပအို့ဝ်လူငယ်အစည်းအရုံး၏ တာဝန်ရှိသူတစ်ဦးက MPA ကိုပြောသည်။
“စစ်ရှောင်ကြတဲ့ ဒေသခံပြည်သူတွေအနေနဲ့ ကျန်းမာရေးဝန်ဆောင်မှု လက်လှမ်းမီဖို့၊ ရရှိဖို့က အတော်ခက်ခဲပါတယ်။ ဆေးဝါး ဝယ်ယူလုပ်ဆောင်ကြရာမှာလည်း အတော်ခက်ခဲကြတယ်လို့ သိရပါတယ်။ ကျန်းမာရေး၊ ဆေးဝါးဆိုင်ရာ အကူအညီက အနည်းအကျဉ်းရရှိတာမျိုးတော့ရှိတယ်၊ လက်လှမ်းမီရာမှာ ဆေးကုသမှုတွေလုပ်ကြတယ်။ ဒါပေမဲ့ အများစုက လက်လှမ်းမီဖို့ ခဲယဉ်းတာမျိုးက တောက်လျှောက်ဖြစ်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။
အထက်ပါဒေသများရှိ ဒေသခံများအနေဖြင့် လက်ရှိကာလတွင် ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ရန် အလွန်ခက်ခဲနေပြီး ပုံမှန်အခြေအနေမှာပင်လျှင် ဆေးပေးခန်း၊ ဆေးရုံများမရှိခြင်း၊ ထိုသို့ရှိခဲ့ပါကလည်း ကျန်းမာရေးလုပ်သားမရှိခြင်း စသည့်အခြေအနေများဖြင့် ရင်ဆိုင်နေရကြောင်း ဒေသခံများက ဆိုသည်။
ဆီဆိုင်မြို့နယ်ရှိ ဒေသခံတစ်ဦးက “စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့က အခုကာလတစ်လျှောက်လုံးမှာ စားနပ်ရိက္ခာပိုင်း၊ ကျန်းမာရေးကူညီစောင့်ရှောက်မှုအပိုင်းက တောက်လျှောက်လိုအပ်နေတာပါ” ဟု ဆိုသည်။
ရှမ်းပြည်တောင်ပိုင်းတွင် လေးလကျော် (၁၈ ပတ်တာ) ကာလအတွင်း တိုက်ပွဲများအတွင်း ၁၈ နှစ်အောက်ကလေး စုစုပေါင်း ၁၃ ဦးသေဆုံးခဲ့ကြောင်း ပအို့ဝ်လူငယ်အစည်းအရုံးက ထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။
ထိုအထဲတွင် လသားအရွယ်မှ ၁၅ နှစ်အထိ အသက်အရွယ်ရှိသော ကလေးငယ် ၁၁ ဦးသည် စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီခြင်းတို့ကြောင့် သေဆုံးခဲ့ရပြီး ကျန်သည့် အသက် ၁၄ နှစ်၊ ၁၆ နှစ် အရွယ်ရှိသည့် နှစ်ဦးမှာ လက်နက်ကိုင်တပ်ဖွဲ့များ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ပြီးခဲ့သည့် ဧပြီလကလည်း ကရင်ပြည်နယ်၊ သံတောင်မြောက်ပိုင်း(အထူးဒေသ) လိပ်သိုလ်မြို့နယ်၊ လမ်းကူးရွာမှ မကြာခဏစစ်ဘေးရှောင်နေရသည့် ကိုယ်ဝန်ဆောင်မိခင်တစ်ဦး ကလေး လေးမြွှာပူး မွေးဖွားရာမှ မွေးကင်းစကလေးနှစ်ဦးနှင့် မိခင်သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သေးသည်။