ပြည်သူများ၏ နေအိမ်များကိုဖျက်ဆီးရာတွင်ပါဝင်သည့် လှိုင်သာယာအရှေ့ပိုင်းမြို့နယ်စည်ပင်သာယာရေးရုံးကို Dark Shadow အဖွဲ့က မေ ၂၇ ရက်၊ ညပိုင်းတွင် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း အဖွဲ့တာဝန်ခံ ရဲဘော်ပန်ဒါက ပြောသည်။
လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ ၈ ရပ်ကွက်၊ မကွေးလမ်းရှိ မြို့နယ်စည်ပင်သာယာရေးရုံးကို ည ၇ နာရီခွဲ ဝန်းကျင်တွင် အဝေးထိန်းမိုင်းဖြင့် တစ်ကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့နောက် ပေါက်ကွဲသည့်နေရာသို့ရောက်ရှိလာသော စစ်ကောင်စီတပ်သားများကို ည ၇ နာရီ ၄၇ မိနစ်တွင် အဝေးထိန်းမိုင်းဖြင့် ဒုတိယအကြိမ်ထပ်မံတိုက်ခိုက်ခဲ့ပြီးနောက် စစ်ဆင်ရေးဖော်ဆောင်ခဲ့သော ရဲဘော်များနေရပ်သို့ ဘေးကင်းစွာပြန်လည်ရောက်ရှိခဲ့ကြောင်း Dark Shadow အဖွဲထံမှ သိရသည်။
“ ဗုံးခွဲတိုက်ခိုက်ရတာက ဟိုတစ်နေ့က လှိုင်သာယာအပြင်ပဒံကျေးရွာမှာ ပြည်သူတွေရဲ့နေအိမ်တွေနဲ့ ဗုဒ္ဓရုပ်ပွားတော်ကိုဖျက်စီးရာမှာပါဝင်ခဲ့တဲ့ စည်ပင်ရုံးကို ဗုံးခွဲတိုက်ခိုက်တာပါ။ ပြီးတော့ လာစစ်တဲ့စစ်သားတွေကိုလည်း ထပ်ပြီးဗုံးခွဲတိုက်ခိုက်ခဲ့တယ်။ မြေပြင်ထိခိုက်မှုအခြေအနေအတိအကျတော့စုံစမ်းနေတုန်းပဲ၊ ရဲဘော်တွေကတော့ ဘေးကင်းပါတယ်” ဟု Dark Shadow အဖွဲ့တာဝန်ခံ ရဲဘော်ပန်ဒါက MPA ကိုပြောသည်။
လှိုင်သာယာမြို့နယ်စည်ပင်သာယာရေးရုံးသည် စစ်ကောင်စီအမိန့်ကိုနာခံကာ အပြင်ပဒံကြီးကျေးရွာရှိ မိဘပြည်သူများ၏ နေအိမ်များကို မတရားသဖြင့် အနိုင်ကျင့်ဖျက်စီးရာတွင်ပါဝင်ခဲ့ခြင်းကြောင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ပေါက်ကွဲသံတွေကြားလိုက်တယ်၊ ပြီးတော့ ဧည့်စာရင်းတွေစစ်တော့ပဲ” ဟု လှိုင်သာယာမြို့နယ်တွင် အမှတ် ၈ ရပ်ကွက်အနီးနေထိုင်သူတစ်ဦးကဆိုသည်။
ထို့ပြင် စစ်ကောင်စီနှင့်ပူးပေါင်းကာ ပြည်သူများကို လက်နက်အားကိုးဖြင့်အနိုင်ကျင့်နေသည့် လှိုင်သာယာမှ လူမိုက်အမည်ခံ စစ်ကောင်စီလက်ကိုင်တုတ်များကိုလည်း ဆက်လက်ရှင်းလင်းသွားမည်ဖြစ်ကြောင်း Dark Shadow အဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။