ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်တွင် စစ်မှုထမ်းရန် စာရင်းသွင်းရန်ကျန်ပါက အရေးယူခြင်းခံရမည်ဟု စာများလိုက်ကပ်နေကြောင်း ဒေသခံများမှ သိရသည်။
“ အခုက ဘယ်အမှတ်စဉ်အတွက်ခေါ်နေမှန်းလည်းမသိပါဘူး။ မေလ ၂၃ ရက်နေ့က အိမ်ရှေ့လာပြီးပြောသွားတာ၊ ဒီအိမ်မှာ စစ်ဥပဒေအရ သတ်မှတ်ထားတဲ့ အသက်ပြည့်သူများရှိရင် စစ်မှုထမ်းရန်အမြန်ဆုံး စာရင်းသွင်းကြဖို့ ကျန်နေလျှင် ဥပဒေအရအရေးယူမယ်ပြောသွားတာ” ဟု ငပုတောမြို့၊ မင်းကြီးလမ်းရှိ ကိုယ်တိုင်ကြုံတွေ့ခဲ့သူ အမျိုးသားတစ်ဦးက MPA ကိုပြောသည်။
ရပ်ကွက်ရှိအိမ်များရှေ့တွင် အထက်ပါအတိုင်း လိုက်လံပြောကြားခဲ့ပြီး မေ ၂၅ ရက်တွင် လူစည်ကားသည့်နေရာများ၌ စာများလိုက်လံကပ်ထားကြောင်း ၎င်းကရှင်းပြသည်။
“ အပတ်စဉ် (၁)၊ (၂) တုန်းက စစ်မှုမထမ်းချင်လို့ ထွက်ပြေးတဲ့သူတွေရှိတယ်၊ ပိုက်ဆံတက်နိုင်တဲ့သူတွေက သိန်းကိုရာနဲ့ချီပြီး စစ်မှုမထမ်းရအောင်ပေးကြတယ်၊ အခုထပ်ခေါ်တဲ့သူတွေက ဘယ်အပတ်စဉ်အတွက် ခေါ်တယ်ဆိုလည်းမပြော” ဟု ငပုတောမြို့၊ ရွှေဘုံတာလမ်းတွင်နေထိုင်သည့် အမျိုးသမီးတစ်ဦး က ဆိုသည်။
အပတ်စဉ် (၁) သည် စစ်မှုထမ်းဥပဒေကြေညာသည့်ရက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်မှစ၍ ရက်သတ္တပတ်အတွင်းစာရင်းများကောက်ခဲ့ပြီး အပတ်စဉ်(၂)အတွက် ၂၀၂၄ ခုနှစ်၊ သင်္ကြန်ကာလအပြီးတွင် စတင်စာရင်းကောက်ခဲ့ခြင်းဖြစ်သည်။
“ ငပုတောမြို့တစ်ထဲမဟုတ်ဘူး၊ တစ်နိုင်ငံလုံးကိုလုပ်နေတာ။ စစ်မှုထမ်းဖို့ကို တိုက်တိုက်တွန်းတွန်းနဲ့ကိုလုပ်တာ၊ အကြောင်းအမျိုးမျိုးပြပြီး ဖမ်းတယ်ပြီးရင် စစ်တပ်ထဲပို့တယ်၊ ငွေကြေးလိုက်နိုင်တဲ့သူတွေဆို ငွေတောင်းတယ်၊ ခြိမ်းခြောက်မှုတွေပါလုပ်တာ” ဟု ငပုတောမြို့မိမြို့ဖတစ်ဦးက ဆိုသည်။
အာဏာသိမ်းစစ်ကောင်စီအနေဖြင့် စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် အသက်ပြည့်သည့် လူငယ်များအား ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ငွေများတောင်းခံခြင်းတို့ကို ပိုမိုပြုလုပ်လာနေခြင်းဖြစ်သည်ကိုတွေ့ရသည်။