စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း ကင်းပတ်ထွက်လာသည့်စစ်သားများကို PDFတို့က မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ လေးဦး ပွဲချင်းပြီး သေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်းသိရသည်။
မေလ ၂၅ ရက်၊ နံနက် ခုနှစ်နာရီခွဲခန့်တွင် ရွှေဘိုမြို့နယ်၊မင်းကုန်းကျေးရွာ စစ်တပ်အထိုင်စခန်းမှ မူးဘောင်လမ်းအတိုင်း ကင်းပတ်ထွက်လာသည့် စစ်သား ခြောက်ဦးကို PDFတို့ စောင့်ဆိုင်းကာ မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရွှေဘိုမြို့နယ်တိုက်နယ်ငါး(ပကဖ)က သတင်းထုတ်ပြန်သည်။
“လေးယောက်ကတော့ မူးဘောင်ပေါ်မှာ ကားကားလေးတွေ သေနေတာ။တစ်ယောက်ကတော့ အပင်ကွယ်နေတော့ သေသလား၊ ရှင်သလား မသိရဘူး။ကျန်တစ်ယောက်က မူးဘောင်ကို အကာအကွယ်ယူပြီး ပြန်ပစ်နေတာ။မင်းကုန်းကနေ သေနတ်တွေဖောက်ပြီး ထွက်လာတာ သတင်းရလို့ လက်နက်တွေ မကောက်တော့ဘဲ ပြန်ဆုတ်လာခဲ့တာ”ဟု ရွှေဘိုမြို့နယ်တိုက်နယ်ငါး(ပကဖ) မှ စစ်ရေးတာဝန်ခံ ကိုဗျက်ဝိ က MPAသို့ ပြောသည်။
ယင်းတိုက်ခိုက်မှုဖြစ်ပွားနေစဥ်အတွင်း မင်းကုန်းစစ်တပ်အထိုင်စခန်းမှ စစ်သားများ သေနတ်ပစ်ဖောက်၍ စစ်ကူထွက်လာပြီးနောက် အလောင်းများကို သယ်ဆောင်သွားကြောင်းသိရသည်။
“မနေ့က တိုက်ပွဲဖြစ်တာဟုတ်တယ်။ကိုဂဠုန်ကြီးတို့အဖွဲ့လုပ်တာ။မင်းကုန်းခွေးစခန်း(စစ်တပ်စခန်း) ကခွေး(စစ်သား)တွေကို ပစ်တာလို့ ကျတော်တို့ ကြားတယ်။ခွေး(စစ်သား) လေးကောင်သေတယ်လို့ ရွာခံတွေပြောကြတယ်။မင်းကုန်းက ရွှေဘိုနဲ့တဆက်တည်းပဲ”ဟု ဗိုလ်ကျားရိုင်း(LPDF)မှ ကိုကျော်ကြီး ကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်တိုက်နယ်ငါး(ပကဖ) တာဝန်ခံနှင့်စစ်ရေးတာဝန်ခံတို့၏ ဦးစီးကွပ်ကဲမှုဖြင့် ဒေသခံကာကွယ်တပ်ဖွဲ့အချို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုအပေါ် MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။