စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လျက်ရှိပြီး ပြည်သူတစ်ဦးကို သတ်ဖြတ်ကာ အလောင်းအား နေအိမ်ထဲထည့်၍ မီးရှို့ဖျောက်ဖျက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၅၂ ဗျူဟာစစ်ကြောင်းထံမှ သိရသည်။
၂၀၂၄ ခုနှစ်၊ မေ ၂၅ရက်၊ နံနက် ၈နာရီ ၃၀ မိနစ်ခန့်က ကျွန်းလယ်ကျေးရွာမှ ထွက်လာသော အင်အား ၂၀၀ ခန့်ပါသည့် စစ်ကောင်စီ စစ်ကြောင်းသည် တုတ္တလုပ်( မြောက် )ရွာကို စစ်ကြောင်း နှစ်ကြောင်းခွဲကာ ဝင်ရောက်ခဲ့ကြောင်း၊ ရွှေဘိုခရိုင် အမှတ် ၅၂ ဗျူဟာစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ စစ်ကြောင်းက ပစ်ဝင်ဝင်လာတာ၊ ရှောင်လို့လွတ်တဲ့သူတွေက လွတ်တယ်။ သတ်ခံရတဲ့ အမျိုးသမီးကတော့ ပစ်ဝင်ဝင်တဲ့အချိန်နဲ့ သူထွက်အပြေးမှာ ခေါင်းကို ကျည်မှန်ပြီး သေဆုံးသွားတာ” ဟု ရွှေဘိုခရိုင် အမှတ် ၅၂ ဗျူဟာစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက MPAသို့ ပြောသည်။
စစ်ကောင်စီကြောင့် သေဆုံးခဲ့သည့် အမျိုးသမီးသည် တုတ္တလုပ် (မြောက်) ရွာမှ အသက် ၅၄ နှစ်အရွယ် ဒေါ်မြင့်မြင့်စန်းဖြစ်သည်။
“ လောလောဆယ်တော့ စစ်ကြောင်းက ရွာသုံးရွာခွဲထိုင်ထားတယ်။ ရွာသစ်ရွာမှာတော့ စစ်ကောင်စီတပ်သား အင်အား ၄၀ လောက် ရှိတယ်လို့တော့ ကနဦးသိရတယ်။ လောလောဆယ်တော့ ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားတာမျိုး မရှိသေးဘူးဗျ” ဟု တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။
ယင်းစစ်ကြောင်းကြောင့် တုတ္တလုပ် ( မြောက် ) ရွာ ၊ တုတ္တလုပ် ( တောင်ရွာ ) ၊ သဲကုန်းရွာ ၊ အောင်သုခရွာ ၊ ရွာသစ်ရွာ အပါအဝင် ရွာ ၁၂ ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း အမည်မဖော်လိုသည့် စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။
“ တို့ရွာကတော့ မနေ့မနက်က စရှောင်ရတာ၊ တောတိုက် (ယာခင်းထဲရှိတဲ) ၊ စစ်ကြောင်းလှမ်းတဲ့ရွာက အမျိုးအိမ်တို့ ၊ ဘုန်းကြီးကျောင်း ၊ စာသင်ကျောင်း ဒီလိုတွေမှာပဲ အလျဉ်းသင့်သလို နေကြတယ်။ မနေ့ထဲက မိုးကရွာတယ်။ ဒီမနက်လည်း ရွာတော့ တို့တွေက တောတိုက်ထဲနေရတာ ဒုက္ခများတာပေါ့” ဟု ၎င်းကပြောသည်။
စစ်ကောင်စီစစ်ကြောင်းများကြောင့် ၂၀၂၄ခုနှစ် မေလ ၁၉ ရက်နေ့မှစ၍ တန့်ဆည်မြို့နယ်မြောက်ပိုင်းရှိ ပြည်သူများ အရေးပေါ်ထွက်ပြေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ လိုအပ်လျက်ရှိကာ၊ မိုးရွာသွန်းလျက်ရှိသဖြင့် အမိုးအကာများလည်း လိုအပ်နေကြောင်း ဒေသခံများထံက သိရသည်။