ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် မီးလောင်ခဲ့သည့် မြို့မစျေးအား ပျံကျစျေးအဖြစ် ယာယီဖွင့်လှပ်ပေးထားသော်လည်း စျေးသစ်ပြန်ဆောက်သည့်အခါ ဆိုင်များပြန်လည်ဖျက်ရမည်ဖြစ်သောကြောင့် စျေးသည်များ အခက်အခဲဖြစ်ပေါ်နေခြင်းဖြစ်သည်။
၂၀၂၄ခုနှစ်၊ မေ ၂၄ရက်တွင် ဆီဆိုင်မြို့ ယာယီစျေးအတွက် ဆိုင်ခန်းများပြန်လည်ဖွင့်လှစ်ရန် စစ်ကောင်စီလက်အောက်ခံ စည်ပင်နှင့် တာဝန်ရှိသူများက သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု စျေးသည် အမျိုးသမီးတစ်ဦးက ပြောသည်။
“ ယာယီဖွင့်ခွင့်ပေးလိုက်တယ်ပေါ့၊ မြို့မစျေးအသစ်ပြန်တည်ဆောက်တဲ့အချိန်ကျရင် အကုန်ပြန်ဖျက်ရမယ်တဲ့၊ အဲ့ဒါဆိုစျေးသည်တွေအတွက် နှစ်ခါမနစ်နာဘူးလား၊ တိုက်ပွဲတွေကတော့ မြို့ထဲမှာ မဖြစ်တော့ဘူး။ ကျေးရွာတွေဘက်မှာ တော့ အသံတွေကြားရသေးတယ်” ဟု ၎င်းက ပြောသည်။
လက်နက်ကြီးကြောင့် မီးလောင်ပျက်စီးခဲ့သည့် ဆီဆိုင်မြို့မစျေးသည် ဆိုင်ခန်း ၈၀၀ကျော်ရှိသည့်အနက် ဆိုင်ခန်း ၃၅၀သာ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ယာယီဆောက်လုပ်ခွင့်ရမည်လဲဖြစ်သည်။
“ ဆိုင်ခန်း ၃၀၀ကျော်ကို ဘယ်လိုရွေးပြီး ဘယ်လိုသတ်မှတ်မှာလည်းတော့ သေချာမသိရဘူး။ ပျံကျစျေးလုပ်ပေးမယ်ပေါ့၊ ဆောက်လုပ်ခကတော့ ဆိုင်ရှင်ပေးရမယ်ပေါ့၊ ပြီးတော့ စျေးအသစ်ပြန်ဆောက်ရင် ဆောက်ထားတဲ့ဆိုင်ခန်းတွေက ဖယ်ပေးရမယ်ဆိုတော့ အဆင်မပြေဘူးလေ” ဟု ဆီဆိုင်မြို့ခံ အမျိုးသားတစ်ဦးကပြောသည်။
ပျံကျစျေးအတွက် တည်ဆောက်မည့် ဆိုင်ခန်း ၃၀၀ကျော်သည် တစ်ခန်းလျှင် ၈ပေ-၁၀ ပတ်လည်ဖြစ်ပြီး တစ်ခန်းတည်ဆောက်မှုအတွက် ကုန်ကျစရိတ်သည် ကျပ် သုံးသိန်းဖြစ်သည်။
ဆီဆိုင်မြို့မစျေးသည် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ရက်က စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်တ်ခတ်မှုကြောင့် တစ်စျေးလုံး မီးလောင်ပျက်စီးခဲ့ခြင်းလည်းဖြစ်သည်။
စစ်ကောင်စီကြောင့် မီးလောင်ခဲ့သည့် ဆီဆိုင်မြို့မစျေးကို ဆိုင်ခန်းပေါင်း တစ်ထောင်ကျော်ပါရှိသည့် နှစ်ထပ်ဆောက်လုပ်မည်ဖြစ်ကာ ကားပါကင်ပါပါရှိမည်ဟု စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းဒေသဦးစီးအဖွဲ့က ပြီးခဲ့သည့် နှစ်လခန့်တွင် ကြေညာထားသည်။