ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ်သားများနှင် PNO ပြည်သူ့စစ်များက ငွေကြေးချမ်းသာသည့် ပြည်သူများကို ဖမ်းဆီးခြင်း၊ ပြန်ပေးဆွဲငွေညှစ်ခြင်းများလုပ်ဆောင်နေကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ် (PNLA )က ၂၀၂၄ခုနှစ်၊ မေ ၂၅ရက်တွင် ထုတ်ပြန်ထားသည်။
၂၀၂၄ခုနှစ်၊ မေလ ၂၂ရက်က ဆီဆိုင်မြို့နယ်၊ နမ့်စေမဲးကျေးရွာမှ ကိုခွန်ဝင်းနိုင်နှင့် နောင်သိမ်ကျေးရွာမှ ရွာလူကြီး ဦးထက်နိုင်ဆိုသူတို့အား စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများနှင် PNO ပြည်သူ့စစ်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း PNLA ပြောခွင့်ရသူ ကိုခွန်ရိမ်းယံကပြောသည်။
“ခွန်ဝင်းနိုင်ကတော့ ကားတစ်စီးနဲ့ သိန်း ၁၀၀ပေးပြီး မိသားစုက ပြန်လိုက်ရွေးလို့ ပြန်လွတ်လာတယ်။ အဲ့ဒါတောင် သူ့မိန်းမ သေနတ်နဲ့အပစ်ခံရသေးတယ်။ ပေါင်မှန်သွားတာ၊ ဦးထက်နိုင်ကတော့အဖမ်းခံရကတည်းက မိသားစုပိုင် ဒင်္ဂါးပြားတစ်အိုးလောက်ရယ်၊ ရွှေ၊ ငွေ၊ ကားတစ်စီး၊ ဆိုင်ကယ်နှစ်စီး ပါတစ်ခါတည်းယူသွားတာ၊ ရွာသားတွေလည်းနောက်ကလိုက်သွားတာ သေနတ်နဲ့ပစ်လို့ ပြန်လှည့်ရလာရတယ်”ဟု ကိုခွန်ရိမ်းယံက ပြောသည်။
ဖမ်းဆီးခံရသည့် ဦးထက်နိုင်သည် ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘဲ အသက်အန္တရာယ်စိုးရိမ်ရကြောင်းနှင့် မေ ၂ရက်က ဖမ်ဆီးခံထားရသော နောင်ဗိုကန်တော်လေးရွာမှ ရွာသူကြီး ဖြားခွန်လျောသည်လည်း ယနေ့အထိ လွတ်မြောက်လာခြင်းမရှိသေးကြောင်း ကိုခွန်းရိမ်းယံက ဆက်လက်ပြောသည်။
“အဓိက ဖမ်းနေတာက ပိုက်ဆံချမ်းသာတဲ့သူတွေကိုဖမ်းနေတာ၊ အဲ့ဒါမှ ပြန်ရွေးတဲ့အခါချမ်းသာတဲ့သူတွေမှ သူတို့တောင်းသလောက် ပိုက်ဆံများများရမှာ၊ အဲဒါကြောင့် ပြည်သူတွေအနေနဲ့ နေထိုင်သွားလာတာ ဂရုစိုက်ပါ ”ဟု ကိုခွန်းရိမ်းယံက သတိပေးသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် PNO ပြည်သူ့စစ်များသည် ပြည်သူများအား ဖမ်းစီးငွေညှစ်ရုံသာမက စစ်မှုထမ်းဖို့ရန်အတွက် ကျေးရွာနေ ပြည်သူများကို ခြိမ်းခြောက်မှုများရှိနေကြောင်း ဘုရားဖြူကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။
“တစ်အိမ်တစ်ယောက်လိုက်ရမယ်၊ အမျိုးသမီးတွေပါခေါ်မယ်လို့ပြောသွားတယ်။ ရှေ့တန်းမှာထမင်းချက်ဖို့တဲ့၊ ထွက်ပြေးမယ်မစဉ်းစားနဲ့တဲ့ သူတို့လက်ကမလွတ်ဘူးတဲ့၊ ပိုက်ဆံတွေလည်းတောင်းသွားကြတယ်၊ ချမ်းသာတဲ့အိမ်တွေဆို နှစ်သိန်းသုံးသိန်းပေးရတယ်”ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ခုနှ်၊ မေလ ၁၀ရက်ကလည်း ဆီဆိုင်မြို့နယ်၊ နောင်ရင်းကျေးရွာ၏ ရွာသူကြီးဖြစ်သူဝေးဇာခွန်နဲ့ ညီဖြစ်သူ ဝေးပလွန်တို့သည် စစ်ကောင်စီတပ်သားများနှင့် PNO ပြည်သူ့စစ်များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။