ကရင်နီပြည်နယ်တွင် KTV ၊ မူးယစ်ဆေးဝါးနှင့် လောင်းကစားကို မူဝါဒနှင့်အညီ ကိုင်တွယ်ဆောင်ရွက်ပေးရန် အရပ်ဘက်အဖွဲ့ ၂၀ ကျော်က ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) သို့ တောင်းဆိုလိုက်ကြောင်းသိရသည်။
လက်ရှိဖြစ်ပေါ်ပြောင်းလဲနေသော ကရင်နီပြည်နယ်၏စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများအပေါ် ရပ်တည်ချက် သဘောထားကို မေလ ၂၀ ရက်တွင် အရပ်ဘက်အဖွဲ့ ၂၀က ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) သို့ အီးမေးလ်ပေးပို့ရာ၌ ယင်းသို့ တောင်းဆိုခဲ့ကြောင်း သိရသည်။
“ ကျမတို့ကတော့ တောင်းဆိုချက်တွေ မရမချင်း ဆက်လက်တောင်းဆိုသွားမှာပါ။ အခုထိတော့ ဘာတုံ့ပြန်မှုမှတော့ မတွေ့ရသေးဘူး။ IEC နဲ့ လက်နက်ကိုင်အင်အားစုတွေက ကရင်နီမှာရှိတဲ့ မတရားမှုတွေကို ဥပဒေနဲ့အညီ ကိုယ်တွယ်ဆောင်ရွက်ပေးဖို့ လိုပါတယ်” ဟု ကရင်နီပြည် အရပ်ဘက်အဖွဲ့များ၏ ပြောရေးဆိုခွင့်ရှိသူ မမော်ဗျားမာက MPA သို့ ပြောသည်။
အရပ်ဘက်အဖွဲ့တို့၏ တောင်းဆိုချက်များတွင် IEC သို့ တောင်းဆိုချက် ၆ ချက်၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုများသို့ ၅ချက်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများသို့ ၂ ချက်ပါဝင်ကြောင်း သိရသည်။
IEC သို့ တောင်းဆိုရာ၌ IEC အနေနှင့် ကဏ္ဍအလိုက် လုပ်ငန်းများ ဖော်ဆောင်ရာတွင် အရပ်ဘက်အဖွဲ့များ၊ လူထုများနှင့် တွေ့ဆုံနိုင်သည့် အစီအ စဉ်များ ပိုမိုလုပ်ဆောင်ရန် ၊ IECနှင့် လက်နက်ကိုင် တော်လှန်ရေးအင်အားစုများအနေဖြင့် ပြည်နယ်အတွင်းရှိ လူ့အခွင့်အရေး ကိစ္စရပ်များ၊ အမျိုးသမီးနှင့်ကလေးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများအပေါ် ကာကွယ်သည့် လုပ်ငန်းစဉ်များအား အလေးထားဆောင်ရွက်ပေးရန်၊ IECအနေဖြင့် သက်ဆိုင်ရာ အစုအဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်း၍ ဒေသန္တရအုပ်ချုပ်ရေးယန္တရားများအား ပီပြင်စွာဖော်ဆောင်ပေးရန်၊ အရပ်သားဘေးကင်းလုံခြုံရေးအတွက် ကနဦးသိရှိခြင်းနှင့် ကြိုတင်တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်များကို ဦးစားပေးဆောင်ရွက်ပေးရန်၊ ကြားကာလအစီအမံတွင် ချမှတ်ထားသည့် မူအရ အနည်းဆုံးအမျိုးသမီး ရာခိုင်နှုန်း ၃၀ ပါဝင်မှုကို လက်တွေ့ဖော်ဆောင်ရာတွင် အထူးလုပ်ဆောင်ချက်အစီအမံများအား တိုးမြှင့်လုပ်ဆောင်ပေးရန်နှင့်IECနှင့် လက်နက်ကိုင် တော်လှန်ရေးအင်အားစုများအနေဖြင့် ပြည်နယ်အတွင်းရှိ KTV ၊ မူးယစ်ဆေးဝါးနှင့် လောင်းကစားများကို မူဝါဒနှင့်အညီ ကိုင်တွယ်ဆောင်ရွက်ပေးရန်တို့ပါဝင်သည်။
“ မလိုက်လျောပေးတာမျိုးတော့ မဟုတ်ဘူး။ဒါက အားလုံးဝိုင်းပြီး ဖြေရှင်းရမှာပဲ ဖြစ်တယ်။ လူထုကြားမှာ ပညာပေးတဲ့အဆင့်တွေ၊ ဥပဒေကြောင်းအရ ဖြေရှင်းရမယ့်ဟာတွေရှိတယ်။ အားလုံးပူးပေါင်းပါဝင်နိုင်မယ့် တွေ့ဆုံညှိနှိုင်းမှုတွေကသာတစ်ဆင့် သွားဖို့ရှိတယ်” ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးအုပ်ချုပ်ရေးကောင်စီ၊ အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ပြောသည်။
ဒေသန္တရအုပ်ချုပ်ရေးတွင် ကျေးရွာ၊ရပ်ကွက် မှ မြို့နယ်အထိ ခိုင်မာအားကောင်းအောင် ကြိုးစားပြင်ဆင်နေပြီး အားကောင်းမှသာ ဖြေရှင်းမှုများ ပိုမိုတိကျလာမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ကရင်နီပြည်နယ်အတွင်း KTV ၊ မူးယစ်ဆေးဝါးနှင့်လောင်းကစားလုပ်ငန်း ပေါများတွင်ကျယ်နေပြီး ယခုအချိန်ထိ ထိရောက်စွာ ဖမ်းဆီးအရေးယူမှုမရှိသေးကြောင်း ဒေသခံအချို့ထံက သိရသည်။