စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အတည်ပြုပြဌာန်းခဲ့ပြီးနောက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့ဝင်များအနေဖြင့် အဆိုပါဥပဒေကို အကြောင်းပြကာ ငွေကြေးခေါင်းပုံဖြတ်မှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။
စစ်မှုထမ်းရန် လူမပေးနိုင်သည့် ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများက စီးပွားရေးအဆင်မပြေသည့် မိသားစုများထံလာရောက်ကာ ငွေကြေးဖြင့် စည်းရုံးခေါ်ဆောင်မှုများရှိနေသော်လည်း သတ်မှတ်ထားသည့် ငွေကြေးကို အပြည့်ပေးဆောင်ခြင်းမရှိကြောင်း လက်ပံတန်းမြို့တွင်နေထိုင်သည့် အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
“သိန်း ၄၀ ပေးမယ်ဆိုပြီးခေါ်သွားတယ်၊ ကျတော်တို့ ရွာကပဲ၊ သူတို့မိသားစုကစီးပွားရေကလည်းမပြေလည် မိသားစုကလည်းများတော့ ထမင်းတောင်နပ်မှန်အောင်မစားရဘူး။ အဲဒီတော့ကောင်လေးက ပါသွားတယ်၊ ပြီးတော့ ပိုက်ဆံလည်းအပြည့်မရဘူး။ ၁၅ သိန်းလောက်ပဲရတယ်တဲ့” ဟု အထက်ပါအမျိုးသားက MPA ကိုပြောသည်။
ထို့အတူ အုတ်ဖိုမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုတွင်လည်း မဲပေါက်၍စစ်မှုထမ်းပါသွားသည့် လူငယ်တစ်ဦး၏မိခင်အား ထောက်ပံ့ရန်အတွက်ဟုဆိုကာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့်ရာအိမ်မှူးများက ကျေးရွာအတွင်းငွေကြေးစုဆောင်းခဲ့သော်လည်း ၎င်းအားလာရောက်ထောက်ပံ့ပေးခြင်းမျိုးမရှိကြောင်း စစ်မှုထမ်းရန်ပါသွားသည့် လူငယ်တစ်ဦး၏ မိခင်ကပြောသည်။
“ အဒေါ်တို့မှာက သားမိနှစ်ယောက်ပဲ ရှိတာ၊ အခုသားလေးက ပါသွားတော့ အဒေါ်မှာလုပ်ကျွေးမယ့်သူလည်းမရှိတော့ဘူး၊ တစ်ယောက်ထဲပဲကျန်ခဲ့ရတယ်၊ ပိုက်ဆံလည်းစုတယ်သာပြောတာ အခုထိ အဒေါ့်ကိုလာမပေးသေးဘူး။ ဘေးက အမြင်မတော်လို့လာပေးထားတဲ့ ပိုက်ဆံလေးနဲ့ပဲဝယ်ခြမ်းစားနေရတယ်” ဟု ၎င်းကဆိုသည်။
စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းအခြေအနေများကိုအကြောင်းပြကာ ငွေကြေးများမကြာခဏကောက်ခံစုဆောင်းနေခြင်းကြောင့် စီးပွားရေးမပြေလည်သည့် မိသားစုများအနေဖြင့် အခက်တွေ့နေကြောင်း မင်းလှမြို့တွင်နေထိုင်သည့် အသက် ၄၀ အရွယ်အမျိုးသမီးတစ်ဦးက ပြောသည်။
“ တန်းတူစုကြတာများတယ်၊ ပြေလည်တဲ့သူသုံးသောင်းဆို မပြေလည်တဲ့သူလည်းသုံးသောင်းပဲ၊ ချမ်းသာတဲ့သူတွေအတွက်က အကြောင်းမဟုတ်ပေမဲ့ အစ်မတို့လို မပြေလည်တဲ့သူတွေက ဘယ်လိုလုပ်အဆင်ပြေမလည်း၊ သူများဆီအတိုးနဲ့ယူပေးရ၊ နေစားခတွေကြိုယူပေးရနဲ့ အရမ်းစိတ်ညစ်ရတယ်” ဟု ညည်းတွားသည်။
ပဲခူးတိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်မှုထမ်းပထမအသုတ်အနေဖြင့် ဧပြီလအတွင်းက မဲပေါက်သူများကို ခေါ်ဆောင်သွားပြီး ယခု ဒုတိယအသုတ်အတွက် ထပ်မံခေါ်ယူရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးများက ဆောင်ရွက်လျက်ရှိနေကြောင်းသိရသည်။