ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် မေ ၅ ရက်မှ ၁၈ ရက်အထိ ရက်သတ္တပတ်နှစ်ပတ်အတွင်း ဒေသခံပြည်သူကိုးဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်၊ ပင်လောင်းနှင့် ညောင်ရွှေဒေသတို့တွင် တိုက်ပွဲများဖြစ်ပွားနေသည်မှာ လေးလကျော်ကြာမြင့်နေပြီဖြစ်ပြီး ဇန်နဝါရီမှ ဧပြီလထိ အရပ်သားထိခိုက်ဒဏ်ရာရှိမှုမှာ (၈၀) ကျော်သာရှိခဲ့သော်လည်း မေလအတွင်း (၁၀၀) ဝန်းကျင်အထိရှိလာခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။
“ရှမ်းတောင်တိုက်ပွဲ အစပိုင်းမှာ အရပ်သားထိခိုက်မှုက များသောအားဖြင့် လက်နက်ကြီးကြောင့်၊ လေကြောင်းဗုံးကြဲမှုကြောင့်ပဲရှိတယ်။ ဧပြီလ၊ မေလတွေမှာ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေ၊ မြေမြှုပ်မိုင်းတွေနဲ့ ပတ်သက်ဆက်နွယ်ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့ အရပ်သားဒေသခံ အရမ်းမြင့်တက်လာတယ်။ မေလ ၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ နှစ်ပတ်အတွင်းမှာ မိုင်းကို ပုံစံအမျိုးမျိုးနဲ့ ထိခိုက်ဒဏ်ရာရရှိတဲ့ အရပ်သားကိုးဦးအထိ ရှိခဲ့တယ်” ဟု ပအိုဝ်းလူငယ်အစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက MPA ကိုပြောသည်။
အချို့ဒေသများတွင် မြေပြင်တိုက်ပွဲတည်ငြိမ်နေသော်လည်း နယ်မြေရှင်းလင်းရေး၊ မိုင်းရှင်းလင်းရေး မလုပ်နိုင်သည့်ကာလအတွင်း ဒေသခံပြည်သူများကို နေရပ်ပြန်နေရန် စစ်ကောင်စီနှင့် ပြည်သူ့စစ်(PNO)က ဖိအားပေးပြောဆိုခြင်းများရှိနေပြီး ထိုသို့ လုပ်ဆောင်နေခြင်းသည် အလွန်အန္တာရာယ်များကြောင်း ၎င်းကထောက်ပြပြောဆိုသည်။
မြေပြင်တွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်၏တာဝန်ရှိသူများက မိုင်းများ၊ မပေါက်ကွဲသေးသည့်လက်နက်များတွေ့ရှိပါက အကြောင်းကြားရန် ထုတ်ပြန်ပြောဆိုမှုမျိုးများရှိသော်လည်း အမှန်တကယ်တွေ့ရှိ၍ အကြောင်းကြားချိန်တွင် လာရောက်ရှင်းလင်းပေးခြင်းမျိုးမရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
“မိုင်းနဲ့ ပတ်သက်ပြီး အသိပညာပေးမှုလည်းမရှိတော့ လူထုက ဘယ်လိုရှောင်ရှားကြရမယ်ဆိုတာက သိဖို့လည်းမလွယ်ကူဘူး ဖြစ်နေတယ်။ တချို့ဒေသမှာလည်း အင်တာနက်လိုင်းမရတာ ဖုန်းလိုင်းမရတာ စသဖြင့်တွေလည်း ရှိနေပြန်တယ်” ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူတစ်ဦးက ဆိုသည်။
အဆိုပါဒေသတွင် တိုက်ပွဲများကြောင့် လက်ရှိအချိန်ထိ စစ်ဘေးရှောင်နေကြရသည့် ဒေသခံပြည်သူ ခြောက်သောင်းကျော်ရှိပြီး စားနပ်ရိက္ခာနှင့် ကျန်းမာရေးကူညီစောင့်ရှောက်မှုများ လိုအပ်နေကြောင်း သိရသည်။
“ပြီးခဲ့တဲ့ရက်ပိုင်းက ရှမ်းတောင်မှာ မိုးကြီး၊ လေပြင်းတိုက်တာတွေရှိတယ်၊ တောထဲရှောင်ကြရတဲ့ စစ်ရှောင်တွေ အမိုးအကာမရှိတဲ့ နေရာမှာရှောင်ကြတဲ့ စစ်ရှောင်တွေ တခြားနေရာကို ထပ်ရှောင်ကြရတာမျိုးရှိတယ်” ဟု ပအိုးဝ်လူငယ်အဖွဲ့အစည်း၏ တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် မုတ်သုံရာသီသို့ရောက်ရှိလာတော့မည်ဖြစ်သောကြောင့် ဒေသခံများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ မလုပ်နိုင်ကြမည်ကို စိုးရိမ်ပူပန်နေကြပြီး ယခုနှစ်တွင်စိုက်ပျိုးရေး မလုပ်နိုင်ပါက လာမည့်နှစ်တွင် စားဝတ်နေရေးအတွက် အလွန်ခက်ခဲသွားနိုင်ကြောင်း ဒေသခံများကဆိုသည်။