မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ကန်ချောကျေးရွာမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းက အရပ်သားသုံးဦးကို သတ်ခဲ့ကြောင်း၊ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီထံမှ သိရသည်။
၂၀၂၄ ခုနှစ်၊ မေ ၂၂ ရက်၊ ည ၈ နာရီခန့်တွင် မြင်းခြံမြို့၊ ကန်ချောကျေးရွာမှ နဘူးအိုင်ကျေးရွာသို့ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းက အရပ်သားသုံးဦးကို သတ်ဖြတ်ခဲ့ပြီး၊ မြင်းခြံ – နဘူးအိုင်ကားလမ်းမပေါ်၌ လမ်းဖြတ်သွားလာသူများကိုလည်း ဖမ်းဆီးစစ်ဆေးခြင်းများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“ ကန်ချောရွာကနေ ဓားစားခံအဖြစ် ဖမ်းလာတဲ့ အမျိုးသားနှစ်ယောက်ကို နဘူးအိုင်ရွာကို ရောက်တဲ့အချိန်မှာ ပစ်သတ်လိုက်တာ၊ နဘူးအိုင်က စိတ်ကျန်းမာရေးမကောင်းတဲ့ လူတစ်ယောက်ကိုလည်း မီးရှို့သတ်ပစ်တယ်၊ အရူးကိုလည်း သတ်တာပဲ” ဟု မြင်းခြံဒေသခံ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
ထို့ပြင် ၂၀၂၄ ခုနှစ်၊ မေ ၂၃ ရက်၊ နံနက် ၁၁ နာရီခွဲတွင်လည်း နဘူးအိုင်ကျေးရွာရှိ တိုက်အိမ်များပေါ်၌ စစ်တပ်က တပ်စွဲကာ လက်နက်ကြီးတပ်ဆင်၍ နဘူးအိုင်ကျေးရွာအနောက်ဘက်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဂင်ဂဲ့၊ ရွာရှည်၊ ညောင်တိုနှင့် သစ်ရံကျေးရွာများသို့ ပစ်ခတ်လျက်ရှိကြောင်း သိရသည်။
“ ရွာကြီး၊ မြို့သာ၊ တလုပ်နဲ့ ဆီမီးခုံရွာတစ်လျှောက်က နီးစပ်ရာရွာတွေကတော့ နေရတာ မလုံခြုံဘူး။ ဆုံရွာကိစ္စဖြစ်ပြီးတဲ့နောက် မြင်းခြံရဲ့ မြောက်ဘက်က တွေ့သမျှရွာတွေကို မီးရှို့၊ လူသတ်ပြီး ရိက္ခာပစ္စည်းတွေ ယူနေတာ၊ မြင်းခြံ – ဆီမီးခုံလမ်းကိုလည်း သိပ်မသွားရဲဘူး” ဟု မြင်းခြံမြို့ပေါ်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။
လက်ရှိတွင် မရိုးကုန်း၊ ဇလပ်ကုန်း၊ ကန်တော်၊ ဂင်ဂဲ့၊ ရွာရှည်၊ ညောင်တို၊ သစ်ရံ၊ ကိုင်း၊ ရန္တပို၊ ဥဒယ၊ ဆင်ချောင်း၊ တောပုနှင့် ဆီမီးခုံကျေးရွာမှ ဒေသခံပြည်သူ ၁၀၀၀၀ ကျော်မှာ စစ်ရှောင်နေကြရကြောင်း သိရသည်။
“ မြင်းခြံနယ်ထဲကရွာတွေကတော့ မီးလောင်ပြင်ဖြစ်နေပြီ၊ မြင်းခြံ၊ နွားထိုးနဲ့ တောင်သာတစ်လျှောက်က တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်နေတော့ ဆေးလိပ်ခုံတွေကလည်း အရမ်းစျေးတက်နေပြီ၊ အရင်ကထက် သုံးဆလောက်တက်တော့ ကုန်သည်တွေရော၊ ရောင်းသူ၊ ဝယ်သူတွေ ခက်နေကြပြီ” ဟု နွားထိုးကြီးမြို့နယ်မှ ဆေးလိပ်ကုန်သည်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မေ ၁၃ ရက်တွင် စစ်ကောင်စီတပ်မှ မြင်းခြံမြို့နယ်၊ ရွာရှည်ကျေးရွာရှိ ပြည်သူပိုင်နေအိမ် ၄၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ အရပ်သား ငါးဦး သတ်ခဲ့သေးသည်။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ ၂၀၂၄ ခုနှစ်၊ မေ ၂၃ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်းခံရမှု သုံးနှစ်တာကာလအတွင်း စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် ၅၁၃၈ ဦး သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။