ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲများငြိမ်သက်သွားပြီး နေရပ်ပြန်မလာပါက ချိပ်ပိတ်မည်ဟု ခြိမ်းခြောက်ခံရသဖြင့် နေရပ်သို့ပြန်လာကြသည့် စစ်ဘေးရှောင်ပြည်သူများကို စစ်ကောင်စီတပ်သားများနှင့် PNO ပြည်သူ့စစ်များက စစ်မှုထမ်းရန် အဓမ္မစုဆောင်းနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ကျေးရွာတစ်ရွာလျှင် အနည်းဆုံးလူ ၁၀ ဦးထိတောင်းခံနေပြီး မပေးနိုင်သည့်ကျေးရွာများကိုလည်း ငွေကြေးတောင်းယူနေကြောင်း ဝါးတောကျေးရွာတွင်နေထိုင်သည့် အမျိုးသားတစ်ဦးကဆိုသည်။
“တစ်အိမ်ကို ရှစ်သောင်းအနည်းဆုံးတောင်းတယ်၊ ပိုက်ဆံချမ်းသာတဲ့အိမ်တွေဆို နှစ်သိန်း၊ သုံးသိန်းပေးရတယ်၊ ကျတော်တို့တစ်ရွာတည်းမဟုတ်ဘူး။ ဟော်တောင်၊ ဟော်မြောက်၊ ဘုရားဖြူ အဲဒီမြို့နားက ရွာတော်တော်များများလိုက်ပြောနေကြတာ၊ အိမ်တိုင်းလိုလို လိုက်ပြောတာ၊ တချို့တွေလည်းပါသွားကြတယ်၊ အသက်အရွယ်မရွေးဘူး။ ၄၀ ကျော် ၅၀ တွေလည်းပါသွားတယ်”ဟု ၎င်းက MPA ကိုပြောသည်။
တိုက်ပွဲငြိမ်သက်နေသည့် ဆီဆိုင်မြို့ပေါ်နှင့်ကျေးရွာများရှိ ဒေသခံအများစုမှာ နေရပ်တွင်ပြန်လည်နေထိုင်ကြရပြီး နေရပ်မပြန်သေးသည့် ပြည်သူများကိုလည်း နေအိမ်ချိပ်ပိတ်မည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း ရန်ကုန်မြို့သို့ ရောက်နေသည့် စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။
“ပြန်သွားရင်လည်း စစ်မှုထမ်းဖို့ အခေါ်ခံရမှာကြောက်ရတယ်၊ အခုကလေးတွေလည်းကျောင်းပြန်အပ်ခိုင်းနေတယ်၊ မပြန်န်တဲ့သူတွေဆိုရင်လည်းအိမ်တွေ ချိပ်ပိတ်မယ်ဆိုတော့ ဘယ်လိုလုပ်ရမှန်းမသိဘူး။ ပြန်တာကမပြန်ချင်ဘူး၊ နယ်မြေက အေချမ်းတာမဟုတ်သေးတော့ မပြန်ရဲသေးဘူး”ဟု ၎င်းကဆိုသည်။
ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများနှင့် PNO ပြည်သူ့စစ်များ၏ ခြိမ်းခြောက်အနိုင်ကျင့်မှုများအား သတိကြီးကြီးထား၍ သွားလာနေထိုင်ကြရန်လိုအပ်ကြောင်း PNLA ပြောခွင့်ရသူ ကိုခွန်ရိန်းယံက ပြောသည်။
“သူတို့(စစ်တပ်)က အကြမ်းဖက်သမားတွေဖြစ်တယ်၊ သူတို့ စစ်တပ်ထဲကို ပြည်သူတွေကို ဝင်ဖို့အတင်းအဓမ္မခေါ်ဆောင်နေတာတွေက ပြည်သူတွေကိုပါ သူတို့လို အကြမ်းဖက်သမားတွေဖြစ်အောင်လုပ်ဆောင်နေခြင်းဖြစ်တယ်”ဟု ၎င်းကမှတ်ချက်ပြုပြောဆိုသည်။
တိုက်ပွဲငြိမ်သက်သွားသဖြင့် နေအိမ်အသီးသီးသို့ပြန်လာကြသည့် စစ်ဘေးရှောင်ပြည်သူအချို့မှာ တိုက်ပွဲအတွင်းကျန်ခဲ့သည့် လက်ကျန်မိုင်းများ၊ မြေမြှုပ်မိုင်းများ၊ ဗုံးများ ပေါက်ကွဲမှုကြောင့် ငါးဦးထက်မနည်း ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့သည်။