မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်း ပြည်သူများထံ ငွေတောင်းရမ်းနေသည့် စစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ သုံးဦးသေဆုံးကြောင်း မြင်းခြံခရိုင် အမှတ်လေး တပ်ရင်း(Natogyi PDF)က သတင်းထုတ်ပြန်သည်။
မေလ ၂၃ ရက်၊ နံနက် ကိုးနာရီဝန်းကျင်တွင် နွားထိုးကြီးမြို့နယ်၊ပြင်စည်ကျေးရွာနေ အင်အား ၃၀ ဝန်းကျင်ရှိ စစ်သားများသည် ခက်လန်း-တက်စည် ကျေးရွာလမ်းပိုင်းကြား ဂိတ်ချပြီး ပြည်သူများအား စစ်ဆေးကာ ငွေတောင်းရမ်းနေကြောင်း သတင်းရ၍ ဗုံးသီး သုံးလုံးကြဲချခဲ့ရာ စစ်သား ခြောက်ဦးထက်မနည်းလည်း ဒဏ်ရာရရှိကြောင်းသိရသည်။
“သေတဲ့ စစ်သား သုံးဦးကို ဒီအတိုင်းပစ်ထားသွားတာ။အလောင်းတွေကို တစ်နေကုန်နီးပါး ဒီအတိုင်းပစ်ထားတာ။ဘယ်အချိန်လာကောက်သွားသလဲတော့ ကျနော်မသိဘူး” ဟု မြင်းခြံခရိုင် အမှတ်လေးတပ်ရင်း(Natogyi PDF) မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုအပြီးတွင် စစ်သားများက ပြန်လည်ပစ်ခတ်ခြင်းမရှိသလို ဒရုန်းကိုလည်း ပစ်ခတ်ခြင်းမရှိကြောင်း သိရသည်။
“အဲ့ဒီဂိတ်က အမြဲတမ်း စစ်ဆေးတဲ့ ဝါးတားဂိတ်မဟုတ်ဘူး။အဲ့ဒီစစ်သားတွေကလည်း ပြင်စည်နဲ့ ခက်လန်းအကြားမှာ စစ်ကြောင်းထိုးတဲ့ ခွေး(စစ်သား)တွေ။ခဏတဖြုတ် လမ်းပေါ်တက်ပြီး ပိုက်ဆံတောင်းတာ” ဟု နွားထိုးကြီးမြို့ပေါ်နေ ပြည်သူတစ်ဦးကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ်လေးတပ်ရင်း (Natogyi PDF) က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားများထိခိုက်သေဆုံးမှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။