ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ လူငယ်များ စစ်မှုထမ်းရန်အတွက် စစ်ကောင်စီက စည်းရုံးခြင်းများပြုလုပ်နေသည့်အပြင် ဖမ်းဆီးမှုများလည်းပြုလုပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ မေ ၂၂ရက်က အင်းစိန်မြို့နယ်၊ ၁၄ရပ်ကွက်တွင် စစ်ကောင်စီက စစ်မှုထမ်းခြင်းကိစ္စနှင့် ပတ်သက်ပြီး အစည်းဝေးပြုလုပ်ခဲ့ကာ တစ်အိမ်တစ်ယောက် မဖြစ်မနေ စစ်မှုထမ်းရန်အတွက် လက်မှတ်ထိုးခိုင်းခဲ့ကြောင်း အမျိုးသားတစ်ဦးကပြောသည်။
“ မနေ့က(မေ ၂၂ရက်)မှာ အစည်းအဝေးလုပ်တယ်။ တစ်အိမ်တစ်ယောက် စစ်မှုထမ်းဖို့ လက်မှတ်အတင်းထိုးခိုင်းတယ်။ မလာတဲ့သူတွေကို မှတ်ထားတယ်လို့ပါပြောတာ၊ အဲ့ဒါ သူတိုကိုပုန်ကန်တာ ဥပဒေအရ အရေးယူမှာလို့လဲပြောတယ်။ အခုလက်မှတ်ထိုးထားတဲ့သူတွေက အပတ်စဉ်အလိုက် တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့ ပြောသွားသေးတယ်” ဟု အစည်းဝေးတက်ရောက်ခဲ့သည့် ၁၄ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။
လက်မှတ်ထိုးခဲ့ရသူများသည် စစ်မှုထမ်းရန်ခေါ်ဆောင်ခြင်းခံရပါက မဖြစ်မနေ လာရောက်ရမည်ဖြစ်ပြီး မဲနှိုက်ခြင်း သို့မဟုတ် အမည်ဖြင့် တိုက်ရိုက်ခေါ်ဆောင်ခြင်း စသည့် အကြောင်းခြင်းရာများနှင့် ပတ်သက်၍ အသေးစိတ်ပြောကြားခဲ့ခြင်းမရှိကြောင်း ၎င်းက ရှင်းပြသည်။
“ ရပ်ကွက်ထဲမှာ အလုပ်မရှိတဲ့သူတွေ၊ လျှောက်သွားနေတဲ့ လူငယ်အတော်များများကို စစ်သားတွေက ကင်းလှည့်ချိန်နဲ့ တိုးရင် ဖမ်းခေါ်သွားတယ်။ ပြီးရင် စစ်မှုထမ်းဖို့ လက်ခံကြောင်း လက်မှတ်တွေအတင်းထိုးခိုင်းတာ၊ အခုလထဲမှာ အတော်များများတွေ့ရတယ်” ဟု အင်းစိန်မြို့၊ တညင်းကုန်းစျေးအနီးနေထိုင်သည့် မျက်မြင်ကြုံတွေ့ခဲ့ရသူ အမျိုးသား တစ်ဦးက MPA သို့ပြောသည်။
လက်ရှိတွင် စစ်မှုထမ်းရန်အတွက် မဲပေါက်ထားသူများ၊ လက်မှတ်ထိုးထားရသူများအနေဖြင့် ထွက်ပြေးတိမ်းရှောင်ခြင်းရှိပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်သောကြောင့် မိသားစုဝင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးသင့်ကြောင်း အင်းစိန်မြို့နယ် ထွေအုပ်ရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်ကေင်စီသည် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ရက်တွင် စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက် လူငယ်များကို ဖိအားပေးခြင်း၊ အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးပြီးနောက် စစ်မှုထမ်းစေခြင်းများ ဆောင်ရွက်နေသဖြင့် လူငယ်အများစုသည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်မှုများရှိကော၊ အချို့သည် တော်လှန်ရေးတပ်ဖွဲ့များထံသို့ ဝင်ရောက်မှုများရှိနေသည်။