ရွှေပြည်သာတွင် ကဆုန်လပြည့်နေ့၊ ညပိုင်းက လျှပ်စစ်မီးပြတ်တောက်ခြင်းနှင့် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေအပါအဝင် မတရားဖိနှိပ်မှုများအား ကန့်ကွက်ကြောင်း လူဦးရေ ၂၀ ခန့်ဖြင့် မီးတုတ်များကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။
အဆိုပါဆန္ဒထုတ်ဖော်ပွဲကို ရွေပြည်သာသပိတ်ကော်မတီ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု(AJAY) တို့နှင့်အတူ ရန်ကုန်မြို့နေ တော်လှန်လူငယ်များမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဆန္ဒထုတ်ဖော်ရာတွင် မီးတုတ်များကိုင်ဆောင်ပြီး “စစ်မှုထမ်းဥပဒေအလိုမရှိ၊ ဒို့ပြည်သူတွေစစ်ကျွန်မခံနဲ့၊ ရန်ကုန်သားတွေစစ်ကျွန်မခံနဲ့” အစရှိသည့် ကြွေးကြော်သံများကိုကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ဖြစ်သည်။
“အဓိကကတော့ လျှပ်စစ်မီးပြဿနာပေါ့၊ နောက်တစ်ခုက မတရားစစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြောင်းဆန္ဒပြခဲ့တာဖြစ်တယ်။ နောက်ပြီးစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့တာဖြစ်တယ်။ မီးကလာတယ်လို့တောင်ပြောမရတဲ့အခြေအနေရှိတယ်။ အဲ့ဒီအဆင်မပြေမှုတွေကြုံနေရတယ်၊ မီးကိုသာမှန်အောင်မပေးနိုင်တာ မီတာခပေးဆောင်ရတာကျတော့ ဈေးတောင်တက်သွားတဲ့အတွက် ဒီလိုအခြေအနေကိုလက်ခံနိုင်စရာအကြောင်းမရှိဘူး ဒါတွေကိုဆန္ဒပြတာ” ဟု စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု(AJAY)၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက MPA ကိုပြောသည်။
စစ်ကောင်စီအနေဖြင့် သပိတ်အင်အားစုများ ဆန္ဒပြသည့်နေရာများအနီးရှိ ပြည်သူလူထုကိုဖမ်းဆီးပြီး သပိတ်အင်အားစုများနှင့်ပြည်သူလူထုကိုသွေးခွဲနေသည့်ပုံစံများလုပ်ဆောင်နေခြင်းကြောင့် ရန်ကုန်မြို့အတွင်း သပိတ်ဖော်ဆောင်ရာတွင် အခက်အခဲများကြုံတွေ့ရကြောင်း သပိတ်ဖော်ဆောင်ရေးအင်အားစုများထံမှ သိရသည်။
“စစ်တပ်အနေနဲ့ သူတို့အာဏာတည်မြဲဖို့ ပြည်သူလူထုအပေါ်ဖိနှိပ်မှုတွေဆက်ရှိနေမှာပဲ။ ပိုပြီးလဲကြုံတွေ့လာရမှာပဲ။ အဲ့ဒီတော့သူတို့ပြုသမျှနုပြီးခေါင်းငုံ့ခံပြီးရှေ့ဆက်မလား။ သူတို့ကိုပြန်တွန်းလှန်မလားနှစ်ခုပဲရှိတယ်။ ကျတော်တို့ကတော့ရှေ့ဆက်ပြီးဆက်လက်တွန်းလှန်သွားမှာပါ။ ပြည်သူတစ်ယောက်ချင်းစီလည်း ဒီလိုမတရားမှုတွေကို တွန်းလှန်တော်လှန်ဖို့ လိုတယ်” ဟု AJAY ၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
အရှုံးကြီးရှုံးနေသည့် စစ်ကောင်စီနှင့် စစ်တပ်သည် ၎င်းတို့ရှင်သန်ရေးအတွက် လူထုကို ချနင်းဖိနှိပ်သွေးစုတ်နေပြီး လူထုအနေဖြင့် အမျိုးမျိုးသော ကျပ်တည်းမှုများကို ရင်ဆိုင်ကြုံတွေ့နေရသဖြင့် အာဏာရှင်များအား ပြည်သူလူထုအနေဖြင့် “သေမြေကြီး၊ ရှင်ရွှေထီး” စိတ်ဓာတ်ကိုင်စွဲကာ မိမိတို့လွတ်မြောက်ရေးအတွက် ကိုယ်တိုင်ရုန်းကန်တော်လှန်ကြရန် အလေးအနက်တိုက်တွန်းကြောင်းလည်း ရွှေပြည်သာသပိတ်ကော်မတီနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစုက နှိုးဆော်ထားသည်။




