ပဲခူးတိုင်းအတွင်းရှိတက္ကသိုလ်ကျောင်းသားအချို့ကို စစ်မှုထမ်းရန် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။
စစ်ကောင်စီတပ်သည် မေလအတွင်းက စစ်မှုထမ်းအပတ်စဉ်နှစ်အတွက် တိုင်းနှင့်ပြည်နယ်အများစု၌ လူငယ်များကို ဖမ်းဆီးကာ စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်ခဲ့ကြောင်း ယင်းအထဲတွင် ပဲခူးတိုင်းအတွင်းရှိ ပြည်တက္ကသိုလ်၌ ပညာသင်ကြားနေဆဲ ကျောင်းသား ဆယ်ဂဏန်းနှင့် ပေါင်း တည်၊ သဲကုန်း၊ နတ်တလင်း၊ ဇီးကုန်းမြို့နယ်တို့က တက္ကသိုလ်ကျောင်းသားဆယ် ဂဏန်းဝန်းကျင် လည်း ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းနှင့်သုတေသနဌာနထံက သိရသည်။
“တက္ကသိုလ်အနေနဲ့က ပြည်တက္ကသိုလ်ကပါပြီး တက္ကသိုလ်ကျောင်းသား ဆယ်ဂဏန်းဝန်းကျင်ပါ တယ်လို့ သိထားပါတယ်။ ယောကျာ်းလေးတွေချည်းပါပဲ” ဟု AAPPမှ တာဝန်ရှိသူတစ်ဦးက MPAသို့ ပြောသည်။
ပေါင်းတည်၊ သဲကုန်း၊ နတ်တလင်းနှင့် ဇီးကုန်းမြို့နယ်အတွင်း စစ်မှုထမ်းရန် ဖမ်းဆီးခံရသည့် တက္က သိုလ်ကျောင်းသားတို့ တက်ရောက်နေသော တက္ကသိုလ်အမည်ကိုမူ မသိရသေးကြောင်း AAPP ကဆိုသည်။
“ အမည်၊ အသက်နဲ့ တက္ကသိုလ်တွေ အသေးစိတ်သိရတာတော့မရှိပါဘူး။ မီဒီယာမော်နီတာရင်း လုပ်ပြီး စောင့်ကြည့်ထားတဲ့အချက်အလက်တွေအပေါ် အခြေခံထားတာမို့ပါ” ဟု ၎င်းကဆက်လက်ပြောသည်။
ကျောင်းတက်လျှင် မိမိ၏ ကိုယ်ရေးအချက်အလက်များကို ပေးရသည့်အတွက် စစ်ကောင်စီတပ်က အချိန်မရွေး စစ်မှုထမ်းရန် ခေါ်ယူနိုင်ကြောင်း ပြည်တက္ကသိုလ်မှ CDM ကျောင်းသူတစ်ဦးက ပြောသည်။
“ စစ်ကောင်စီက သူရဲ့တပ်အင်အားဖြည့်တင်းဖို့အတွက် ဘာမဆိုလုပ်မှာပါ။ ရန်သူက ရန်သူရဲ့အလုပ်ကို ဖြည်းဖြည်းနဲ့မှန်မှန် လုပ်နေတာမို့ အားလုံး ပါးပါးနပ်နပ်နဲ့ ဖြေရှင်းနိုင်ဖို့ လိုပါတယ်” ဟု ၎င်းကပြောသည်။
စစ်မှုထမ်း အပတ်စဉ် နှစ် သင်တန်းကို မေ၁၄ရက်တွင် ဖွင့်လှစ်ခဲ့ပြီး အပတ်စဉ် တစ် သင်တန်းကို ဧပြီ ရှစ်ရက်တွင် စစ်ကောင်စီက နိုင်ငံတစ်ဝန်း၌ ဖွင့်လှစ်ခဲ့သည်။