၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် အရပ်သားပြည်သူ ၃၅၉ ဦးရှိခဲ့ပြီး ၇၅၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က မေ ၂၂ရက်တွင် အစီရင်ခံစာထုတ်ပြန်ထားသည်။
အဆိုပါ လေးလတာအတွင်း လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၈၁၉ခု ရှိခဲ့ပြီး ပျမ်းမျှအားဖြင့် တစ်ရက်လျှင် လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ် အနည်းဆုံးခြောက်ကြိမ် ရှိခဲ့ကာ ၊ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်အများဆုံးမှာ ရခိုင် ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းမြောက်ဒေသတို့တွင် ဖြစ်ကြောင်း ယင်းအစီရင်ခံ စာတွင် ဖော်ပြထားသည်။
” စစ်ကိုင်းတိုင်းမှာလည်း လေကြောင်းတိုက်ခိုက်မှုများပြားနေရတာက လူမျိုးစုတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နယ်မြေအရလည်း ဆက်စပ်နေတယ်။ ခုခံစစ်ကနေ တော်လှန်စစ်ကို ပြောင်းတဲ့အချိန်မှာလည်း အရှိန်ပြင်းပြင်းနဲ့ စစ်ကောင်စီကိုဖိအားပေးနိုင်ခဲ့တယ်။ အဲ့ဒါတွေကို ဖိနှိပ်ဖို့ ၊ ပြည်သူတွေကို အကြောက်တရားရိုက်သွင်းဖို့ စစ်ကောင်စီရဲ့ အားသာချက်တစ်ခုဖြစ်တဲ့ လေကြောင်းတိုက်ခိုက်မှုသုံးခြင်းကို ခံရတယ်လို့ ယူဆလို့ရပါတယ် “ ဟု စစ်ကိုင်းတိုင်းရှိ တော်လှန်ရေးရဲဘော်တစ်ဦးက MPA သို့ ပြောသည်။
ယင်းလေးလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ၌ ဓာတုအဆိပ်ငွေ့ဗုံးများ အသုံးပြုခဲ့ကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများ၏ တုံ့ပြန်ပြောဆိုမှုများလည်းရှိနေသည်ဟု ယင်းအစီအရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၂၄ ခုနှစ် ဧပြီလ ၁၉ရက်မှ ၂၀ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော ကရင်ပြည်နယ် ကော့ကရိတ်မြို့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဓာတုအဆိပ်ငွေ့ပါဝင်သည့်ဗုံးများဖြင့် တိုက်ခိုက်ခဲ့သောကြောင့် ကာကွယ်ရေးရဲဘော်များ ဓာတုအဆိပ်ငွေ့သင့်ခဲ့သည်ဟု ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဘာသာရေးအဆောက်အအုံ ၅၀ ၊ စာသင်ကျောင်း ၃၈ကျောင်းနှင့် ဆေးရုံဆေးခန်း ၁၁ ခုတို့ ထိခိုက်ပျက်စီးခဲ့သည့်အပြင် ပြည်သူပိုင်နေအိမ်များ ၊ ယာဉ်များ ၊ ကျွဲနွားတိရစ္ဆာန်များနှင့် စိုက်ခင်းပျက်စီးမှုများလည်း ရှိခဲ့သည်ဟု ဉာဏ်လင်းသစ်၏ အစီအရင်ခံတွင် ရေးသားထားသည်။
” စစ်ကောင်စီက Geneva Convention ကိုချိုးဖောက်ပြီး ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်နေပေမဲ့ အခုအချိန်ထိနိုင်ငံတကာက ထိရောက်တဲ့အရေးယူမှုမျိုး ပြုလုပ်နိုင်တာမျိုး မတွေ့ရဘူး။ ဒါတွေက ပိုပြီး ကျတော်တို့ ပြည်သူတွေမှာ ကိုယ့်အားကိုယ်ကိုးမှသာ ဒီအခြေအနေဆိုးကို ကျော်ဖြတ်နိုင်မယ်ဆိုတဲ့ အသိတရားတစ်ခုကို ရစေတယ် ” ဟု နိုင်ငံရေးစောင့်ကြည့်လေ့လာသူတစ်ဦးက ပြောသည် ။
စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှစ၍ ၂၀၂၄ခုနှစ် ဧပြီလကုန်အထိ စာရင်းများအရ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၁၂၉၅ဦးထိ သေဆုံးခဲ့ပြီး ၁၆၃၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။